#Local_News
Published _ 20 September 2022

 

အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်းများကို လာမည့် ပညာသင်နှစ်ကစ၍ တွဲဖက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရသည်။

 

ယင်းကို ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၀ တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက +12 သင်ရိုးညွှန်းတမ်းနှင့် တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ပညာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံသားတိုင်း အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ အခမဲ့ပညာ သင်ယူနိုင်ရေးကို မူဝါဒချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကာ KG+9 အောင်မြင်ပြီးသူများ အနေဖြင့် Grade 10 ,Grade 11 , Grade 12 နှင့် အဆင့်မြင့် တက္ကသိုလ်ပညာများအထိ သင်ယူနိုင်ကြောင်း၊ Grade 10 , Grade 11 , Grade 12 အထိ မတက်ရောက်တော့ဘဲ စိုက်ပျိုးရေး အထက်တန်းကျောင်း၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် နည်းပညာ အထက်တန်းကျောင်းများသို့ တက်ရောက်လိုပါကလည်း တက်ရောက်နိုင်ကြောင်း ယင်းဆိုသည်။

 

ယင်းကြောင့် KG+12 အောင်မြင်ပြီး တက္ကသိုလ် ဆက်လက်တက်ရောက်ပညာ သင်ယူသူများအတွက် သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်မှု၊ ဆက်စပ်မှုရှိရန်၊ တက္ကသိုလ်ပထမနှစ် သင်ရိုးညွှန်းတမ်းနှင့် ချိတ်ဆက်မှု ရှိမရှိ စိစစ်နိုင်ရေးအတွက် Grade 12 သင်ရိုးညွှန်းတမ်း သိုမဟုတ် Grade 12 Outlines များကို ချပြဆွေးနွေးရန်လည်း ၎င်းက ဆိုသည်။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ရိုးညွှန်းတမ်းနှင့် ဘာသာရပ်ဆိုင်ရာ အရည်အသွေးတိုးတက်ကောင်းမွန်ရေးအတွက် ဘာသာရပ် သင်ကြားရေးအဖွဲ့ (Board of Studies)တွင် ခင်မင်ရင်းနှီးမှုကို အခြေခံသည့် ဖွဲ့စည်းခြင်းမျိုး မလုပ်ဘဲ အရည်အချင်းရှိသူများ၊ အငြိမ်းစား ဆရာကြီးများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကြီးများ၊ ရာထူးငယ်သော်လည်း ဘာသာရပ်ကျွမ်းကျင်သူ ဆရာများကို ဖိတ်ကြား၍ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မဟာတန်းနှင့် ပါရဂူတန်းပြင်ပ ကျမ်းကြီးကြပ်သူများအဖြစ် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကြီးများကို ထည့်သွင်း ဖွဲစည်းသွားကြရန်လည်း လုပ်ဆောင်ကြမည် ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group