#Local_News
Published _ 8 September 2022

 

မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်နှင့်ကူဝိတ်သံအမတ်တို့အား ခန့်အပ်ရန် နစက က သဘောတူကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

မြန်မာနိုင်ငံတော်ဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီးအဖြစ်မစ္စတာ ဟာရီရှ်ချန်ဒရာဂီမီရေးအား ခန့်အပ်ခဲ့ပြီး ကူဝိတ်နိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာမူဘာရက်(ခ်) အမ်အေအလက်ဝါနီအား ခန့်အပ်ရန် သဘောတူပြီးဖြစ်ကြောင်း ယင်းသတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းတွင် ဖော်ပြထားသည်။

 

နီပေါနိုင်ငံ သံအမတ်ကြီးမစ္စတာ ဟာရီရှ်ချန်ဒရာဂီမီရေးအား နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့၌ ၁၉၆၇ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် မွေးဖွားခဲ့ပြီးအစိုးရတက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို ၁၉၈၅ ခုနှစ်တွင် အောင်မြင်ခဲ့သူဖြစ်ကာ နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့ရှိ ထရီဘူဗမ် (Tribhuvan) တက္ကသိုလ်မှ ၁၉၉၄ ခုနှစ်တွင် စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ကိုလည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် ဥပဒေဘွဲကို လည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေးနှင့် စက်မှု လုပ်ငန်းဆိုင်ရာ ဆက်ဆံရေးအထူးပြုဘာသာရပ်ဖြင့် စီးပွားရေးစီမံ ခန့်ခွဲမှုမဟာဘွဲ့ကို လည်းကောင်း၊ ၂၀၀၆ ခုနှစ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ် အထူးပြုဘာသာရပ်ဖြင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ကိုလည်းကောင်း ရရှိခဲ့သူဖြစ်ကြောင်းလည်း သိရသည်။

 

ယင်းနောက် နီပေါနိုင်ငံခြားရေးဝန်ကြီး ဌာနသို့ ၁၉၉၈ ခုနှစ်တွင် စတင်ဝင်ရောက်ကာ ဌာနခွဲရုံး၌လည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် လက်ထောက်အတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဆက်ဆံရေးဌာန၊ ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ ယင်းကာလတွင်ပင် ပူးတွဲတာဝန်အဖြစ် နီပေါသမ္မတရုံးတွင် ဆက်ဆံရေးအရာရှိအဖြစ် လည်းကောင်း၊ ၂၀၁၅ ခုနှစ်၊ ဇွန်လမှ ဒီဇင်ဘာလအထိ ကောင်စစ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အာရှအလယ်ပိုင်း၊ အာရှအနောက်ပိုင်းနှင့် အာဖရိကဌာနတွင် လက်ထောက်အတွင်းဝန်အဖြစ် လည်းကောင်း အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှစ၍ လက်ရှိကာလအထိ အာရှအလယ်ပိုင်း၊ အာရှအနောက်ပိုင်းနှင့် အာဖရိကဌာန၏ ဌာနအကြီးအကဲ၊ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

 

၎င်းအနေဖြင့် ၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ရန်ကုန်မြို့ရှိ နီပေါသံရုံးတွင် ဒုတိယအတွင်းဝန် အဖြစ် လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်မြို့ရှိ နီပေါသံရုံးတွင် ပထမအတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၁၁ ခုနှစ်၊ မေလမှ ၂၀၁၅ ခုနှစ်၊ မေလအထိဆော်ဒီ အာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့ရှိ နီပေါသံရုံးတွင် ဒုတိယသံရုံးအကြီးအကဲ အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ ဇွန်လမှ ၂၀၁၉ ခုနှစ်၊ဇူလိုင်လအထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ နီပေါသံရုံးတွင်သံမှူးကြီး အဖြစ်လည်းကောင်း အဆင့်ဆင့်တာဝန် ထမ်းဆောင်ခဲ့ကြောင်း၊ နီပေါဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ဟင်ဒီဘာသာ၊ အူရဒူ ဘာသာ၊ အာရပ်ဘာသာ၊ တရုတ်ဘာသာစကားများကို တတ်မြောက်ကာ အိမ်ထောင်ရှင်ဖြစ်ပြီး သားတစ်ဦး ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကူဝိတ်သံအမတ်ကြီး မစ္စတာ မူဘာရက်(ခ်) အမ်အေအလက်ဝါနီအား ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ကူဝိတ်တက္ကသိုလ်မှ ပြည်သူ့စီမံခန့်ခွဲမှုရေးရာ အထူးပြုဘာသာရပ်ဖြင့် နိုင်ငံရေးသိပ္ပံဘွဲ့ကို ရရှိခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ဆီရီးယား နိုင်ငံရှိ ကူဝိတ်သံရုံးတွင် သံအရာရှိအဖြစ်လည်းကောင်း၊ ၂၀၀၂ ခုနှစ် မှ ၂၀၀၅ ခုနှစ်အထိ အယ်ဂျီးရီးယားနိုင်ငံရှိ ကူဝိတ်သံရုံးတွင် တတိယအတွင်းဝန် အဖြစ်လည်းကောင်း၊ ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ် အထိ ဘယ်လ်ဂျီယံနိုင်ငံရှိ ကူဝိတ်သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဥဇဘက်ကစ္စတန်နိုင်ငံရှိ ကူဝိတ်သံရုံးတွင် ပထမအတွင်းဝန်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကူဝိတ် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ စီးပွားရေးဌာနတွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကနေဒါ နိုင်ငံရှိ ကူဝိတ်သံရုံးတွင် သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ်မှစ၍ မစ္စတာ မူဘာရက်(ခ်) အမ်အေအလက်ဝါနီသည် ပိုလန်နိုင်ငံရှိ ကူဝိတ်သံရုံးတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင် လျက်ရှိကြောင်း၊ ယင်းမှာ အိမ်ထောင်ရှင်တစ်ဦးဖြစ်ကာ သားသမီး (၆) ဦးရှိကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_group