#Local_News
Published _13 August 2022

 

ရန်ကုန်တိုင်းဒေသကြီးတွင် ဟိုတယ်နှင့် တည်းခိုခန်း ၂၉၀ ကျော် ဖွင့်လှစ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်မှစတင်၍ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခြင်းများကို ခွင့်ပြုခဲ့ပြီး e-Visa (Tourist) ကို မေ ၂၀ ရက်မှ စတင်ခွင့်ပြုပေးခဲ့ ရာ လက်ရှိတွင် တစ်နေ့လျှင် နိုင်ငံတကာလေကြောင်းလိုင်း ၁၄ လိုင်းအထိ ပြန်လည်ပြေးဆွဲ ပေးနေပြီး နိုင်ငံတကာခရီးသွား များလည်း စတင်ဝင်ရောက်စ ပြုနေပြီဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် တရားဝင်လုပ်ငန်းလိုင်စင်ရယူ ဆောင်ရွက်ထားသည့် ဟိုတယ်နှင့်တည်းခိုခန်း ၄၉၃ လုံးရှိရာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်တွင် ဟိုတယ်နှင့် တည်းခိုခန်း ၂၉၆ လုံးအထိ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်နေပြီဖြစ်သည်။

 

ထို့အတူ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က မသန်စွမ်းခရီးသွားများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်းဖော်ဆောင် ပေးနိုင်ရေးအတွက် "မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်းဖော်ဆောင် ခြင်းဆိုင်ရာ အထောက်အကူပြု ဝန်ဆောင်မှုသင်တန်း"များ ဖွင့်လှစ်ပို့ချပေးသည်။

 

ယခုအခါ ရန်ကုန်တိုင်း ဒေသကြီး၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်)နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ၊ တာဝန်ရှိသူများက ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group