#Local_News
Published _ 25 July 2022

ကိုဗစ်-၁၉ ရန်ပုံငွေလက်ကျန်မှ ငွေကျပ် ၄၀၀ ဘီလီယံကို သီးသန့်ရန်ပုံငွေ တစ်ရပ်ထူထောင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ချမှတ်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဦးတည်ချက်များနှင့်အညီ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း သက်သာစွာနှင့် ချေးငွေများ စိစစ်ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စက်မှုလက်မှုဆိုင်ရာ လုပ်ငန်းများနှင့် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင်အခွင့် အလမ်းများ ဆောင်ရွက်ဖော်ဆောင်ပေးနိုင်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအခြေအနေသည် များစွာ ကျဆင်းလာခြင်းကြောင့် ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများအရ ထိခိုက်ကျဆင်းခဲ့သည့် နိုင်ငံတော် စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့များသည် ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာအသုံးစရိတ်များကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေထဲမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟို ကော်မတီ၏ခွင့်ပြုချက်ဖြင့် စနစ်တကျစိစစ်သုံးစွဲလျက်ရှိ ကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် စာရင်းအရ ကိုဗစ် ရန်ပုံငွေလက်ကျန်သည် (၄၉၁ ဒသမ ၉၇၈) ဘီလီယံဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

ymg/NN
#Yangon_Media_Group