#Local_News
Published_6 July 2022

 

မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ် (KLIA-1) တွင် ဇူလိုင်လ ၂ ရက်က ပျောက်ဆုံးခဲ့သော နေရပ်ပြန်မည့် မြန်မာတစ်ဦးအား ပြန်တွေ့ပြီဖြစ်၍ ဇူလိုင်လ ၅ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

 

"သူ့နာမည်က ကိုကြည်ခိုင်ပါ။ ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းထွက်ရမယ့် လေယာဉ်နဲ့ မြန်မာနိုင်ငံကို လိုက်ဖို့ဆိုပြီးတော့ လေဆိပ်ကို အဖော်တစ်ယောက်နဲ့သွားတာ၊ စောင့်ဆိုင်းနေရင်း ပျောက်သွားတာ၊ သူကအာရုံကြောအားနည်းနေတယ်။ မွေးရာပါလားဘာလားတော့ မသိဘူး။ ကျွန်တော်တို့လည်း ဒီမှာသိရတာပဲ၊ သူက လေယာဉ်ကွင်းကနေ ဦးတည်ရာမရှိ ထွက်သွားပြီး သူ့ရွာရောက်နေပြီလို့မှတ်ပြီးတော့ လမ်းဘေးအိမ်တွေကို သူ့ရဲ့အမအိမ်လို့ထင်ပြီး အော်ခေါ်နေတယ်တဲ့။ စက်ရုံတွေထဲကိုလည်းဝင်ပြီး သူလုပ်ခဲ့တဲ့ စက်ရုံလိုထင်ပြီး ဝင်တာမျိုးလည်း လုပ်တယ်တဲ့၊ အဲဒီမှာ EM GROUP ENGMECH ရွှေမြန်မာတွေက နှလုံးလှအသင်းက လူပျောက်ကြော်ငြာထဲမှာ တွေ့တဲ့လူဆိုပြီး အသင်းကို ဖုန်းခေါ်တာ"ဟုလိုက်ပါကူညီသည့် မလေးရှားနိုင်ငံ နှလုံးလှပရဟိတ လူငယ်များသွေးအလှူရှင် အဖွဲ့တာဝန်ရှိသူက ပြောသည်။

 

ကိုကြည်ခိုင်သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ စည်တိုင်းကျေးရွာက ဖြစ်ကြောင်းလည်း သိရသည်။

ymg/mt
#Yangon_Media_Group