#Local_News
Published_30 June 2022

 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသ၊ ပင်ငိုကျေးရွာအနီးရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းမှ သံစိမ်း (Pig Iron) ထုတ်လုပ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနက သိရသည်။

 

ယင်းကြောင့် သံစိမ်းထုတ်လုပ်သည့် နောက်ဆုံးပေါ် နည်းပညာများရရှိရေး၊ စက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်မောင်းနှင် အသုံးပြုနိုင်ရေးအတွက် လုပ်ဆောင်နေကြကြောင်းလည်း သိရသည်။

 

သံရိုင်းကို ကုတ်မီးသွေး(coke) ထုံးကျောက်များနှင့်ရော၍လေပြင်းမှုတ် မီးဖိုတွင်ထည့်ကျိုပါက သံစိမ်းခေါ်(pig iron)ကိုရရှိခြင်း ဖြစ်ကြောင်း၊ သံစိမ်းတွင် ကာဗွန်ပါဝင်မှု ၃ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၄ ဒသမ ၅ ရာခိုင်နှုန်းကြား ပါဝင်ကြောင်းလည်း သိရသည်။

 

အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး သံနှင့် သံမဏိစက်ရုံ စီမံကိန်းကြီးတစ်ခုဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် စီမံကိန်းလည်းဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

 

ပြီးခဲ့သည့် မေလအတွင်းက အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းအတွက် ကြီးကြပ်ရန်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ စီမံကိန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်မြင်စွာ လည်ပတ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ နိုင်ငံခြားသားပညာရှင်များနှင့် လိုအပ်နေသည့် စက်နှင့် စက်ပစ္စည်းများအချိန်မီ ရောက်ရှိရေး ဆောင်ရွက်ရန်၊ နိုင်ငံခြားသားပညာရှင်များ နေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ နိုင်ငံခြားသားပညာရှင်များ၏ လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန်၊ စက်ရုံဝန်ထမ်းများအား နည်းပညာလွှဲပြောင်းပေးခြင်း (Technical Transfer)နှင့် စာတွေ့၊ လက်တွေ့သင်တန်းအစီအစဉ် (Training Program) အတွက် ရုရှားအစိုးရက ကူညီထောက်ပံ့ရန် ကမ်းလှမ်းထားသော ယူရို ၁၀ ဒသမ ၅ သန်းတန်ဖိုးရှိ နည်းပညာအကူအညီများရရှိနိုင်ရေး ရုရှားအစိုးရထံတောင်းခံရန်၊ စက်ရုံ၊ တည်ဆောက်ရေးစီမံကိန်းနှင့် နိုင်ငံခြားသားပညာရှင်များ ဟန်ချက်ညီစွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ကြုံတွေ့နေရသော အခက်အခဲများ၊ ပြဿနာများကို ကူညီဖြေရှင်းဆောင်ရွက်ပေးရန် ပြင်ဆင်ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group