#LocalNews
Published_23 June 2022

 

နေပြည်တော်၊ မန္တလေးနှင့်ထားဝယ်တို့မှ ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်ကြသူများအား ဇွန်လ ၂၂ ရက်က ကန်ချနဘူရီခရိုင်အတွင်း နေရာနှစ်ခုတွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ရန် ပွဲစားခ ဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ ထိ ငွေပေးချေမှုစနစ်ဖြင့် လာရောက်ကြသူများဖြစ်ပြီး အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၉ ဦးတို့ ဖြစ်ကြောင်း သိရသည်။

 

"အလုပ် လုပ်မယ့်နေရာကိုရောက်မှ ပွဲစားခကို ပေးရမယ်။ အခု အဖမ်းခံရတဲ့ အချိန်မှာ ပွဲစားခ မပေးရသေးဘူး၊ လက်ရှိ ရဲတွေက စစ်ဆေးနေတယ်လို့ သိရတယ်။ ထိုင်းဥပဒေအတိုင်းပဲ အရေးယူခံရနိုင်ပါတယ်"ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

 

ယင်းတို့အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ကန်ချနဘူရီ၊ ရတ်ချဘူရီ၊ ရယောင်းနှင့် စမွတ်စာခွန်ခရိုင်တို့တွင် အလုပ်လုပ်ရန် လာရောက်ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group