#LocalNews
Published_16 June 2022

မြန်မာ-တရုတ်နယ်စပ်ဒေသတစ်လျှောက်တွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို တစ်ဆင့်တိုးဖော်ဆောင်ရန်လိုနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက ပြောသည်။

 

ဇွန်လ ၁၅ ရက်တွင် ပြုလုပ်ခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ဒေသ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအစည်းအဝေးတွင် ယင်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါကူးစက်ခံရသူဦးရေ သိသိသာသာ ကျဆင်းလာပြီဖြစ်သော်လည်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အထူးသဖြင့် မြန်မာ-တရုတ်နယ်စပ်ဒေသတစ်လျှောက်တွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို တစ်ဆင့်တိုးဖော်ဆောင်ရန်လိုအပ်ကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် မြန်မာ-တရုတ်နှစ်နိုင်ငံက ငှက်ဖျားရောဂါတိုက်ဖျက်ရေးကဏ္ဍတွင် ကြိမ်ဖန်များစွာ ထိရောက်သည့် ကူးလူးဖလှယ်မှု လုပ်ဆောင်ခဲ့ကြောင်းနှင့် တရုတ်နိုင်ငံနှင့်အတူ နယ်စပ်ဒေသ ငှက်ဖျားရောဂါကာကွယ်ကုသရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်၍ နှစ်နိုင်ငံပြည်သူများ ကျန်းမာရေးအကျိုးစီးပွားကို အတူတကွကာကွယ်ထိန်းသိမ်းရန် မျှော်လင့်ကြောင်း ယင်းက ပြောသည်။

 

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဦးစီးဌာန၊ ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဦးစီးဌာန၊ တရုတ်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးစင်တာ ကပ်ပါးရောဂါကာကွယ်ထိန်းချုပ်ရေးဌာန တာဝန်ခံတို့ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။

 

တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်မှာ ကီလိုမီတာ၂၀၀၀ ကျော် ရှည်လျားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးစီမံကိန်းကိုလည်း နေပြည်တော်၌ တည်ဆောက်ပေးခဲ့ကြောင်း၊ ယခုအကြိမ်တွင် တရုတ်-မြန်မာနှစ်နိုင်ငံမှပညာရှင်များက တရုတ်-မြန်မာနယ်စပ်ဒေသ ငှက်ဖျားရောဂါ ကာကွယ်ကုသရေးကူညီမှုစီမံကိန်းများ ဖြစ်နိုင်ခြေလေ့လာမှု ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group