#LocalNews
Published -16 June 2022

နစက၏ ဖိတ်ခေါ်မှုအရ ယနေ့ ဇွန်လ ၁၆ ရက်အထိ တာဝန်ပြန်လည်ထမ်းဆောင်ရန် သတင်းပေးပို့သူ ဆရာ၊ ဆရာမ ဦးရေဟာ ၃၁၅၆ ဦး ရှိနေပြီဖြစ်ကြောင်း နစက သတင်းပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ကျင်းပသည့် ၁၆ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 

ပြီးခဲ့သည့် ဇွန်လ ၇ ရက်မှစ၍ သတ်မှတ်ရက်အတွင်း သတင်းမပို့နိုင်သေးသော ဆရာ၊ ဆရာမများအတွက် သတင်းပို့ဆက်သွယ်ရမည့်ရက်ကို ဇွန်လ ၁၄ ရက်အထိ ထပ်မံ၍တိုးမြှင့်သတ်မှတ်ပေးထားခဲ့ကြောင်းလည်း နစကမှ အသိပေးကြေညာထားသည်။

 

ယခင်က စတင်ဖိတ်ခေါ်ခဲ့သည့်မေလအတွင်း မေလ ၃၁ ရက်ထိ သတင်းပေးပို့သူ ဦးရေ ၂၄၈၂ ဦးရှိခဲ့ကာ ထပ်တိုးကာလ ဇွန်လ ၇ ရက်ထိ ၂၉၆၀ ဦး ဖြစ်လာကာ ဇွန်လ ၁၅ ရက်ထိ ၁၉၆ ဦး ထပ်မံတိုးလာသည့်အတွက် ၃၁၅၆ ဦးထိရှိလာကြောင်း သိရသည်။

 

ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုများကြောင့်လည်းကောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့်လည်းကောင်း၊ သွားလာမှုခက်ခဲခြင်းကြောင့်လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှကင်းကွာခဲ့သည့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံသားမျိုးဆက်သစ်လူငယ်များအတွက် သင်ကြားရေးတာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ရန် နောက်ဆုံး မိမိတာဝန်ထမ်းဆောင်ခဲ့သော ကျောင်းတည်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊ နေထိုင်နေသည့် နီးစပ်ရာမြို့နယ်ပညာရေးမှူးရုံး သို့ဖြစ်စေ သတင်းပို့ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

ymg/NN
#Yangon_Media_Group