#LocalNews
Published _13 June 2022

 

ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲစေခြင်းငှာ သာသနာတော်အကျိုး၊ စေတီတော်အကျိုးတို့ကို ရှေ့ရှု၍ နေ့ထူးနေ့မြတ် အခါတော်နေ့ အခမ်းအနားများကို ၁၂လရာသီပတ်လုံးစဉ်ဆက်မပြတ် ကျင်းပလျက်ရှိပြီး မြတ်ဗုဒ္ဓ၏ အဆုံးအမတော်များမှ မဟာသမယဒေသနာတော်ကို ဟောကြားတော်မူခဲ့သည့် ယနေ့ နယုန်လပြည့်နေ့တွင် ရှေးရှေးက ဗုဒ္ဓဘာသာသူတော်ကောင်းကြီးများ ပြုလုပ်ခဲ့ကြသည့် နည်းထုံးများကို နှလုံးမူပြီး ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာများအတိုင်း သာသနာတော်နှစ် ၂၅၆၆ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ် နယုန်လပြည့်နေ့၊ ခရစ်နှစ် ၂၀၂၂ခုနှစ် ဇွန်လ ၁၃ ရက်၊ တနင်္လာနေ့တွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီးမှူး၍ နယုန်လပြည့် မဟာသမယနေ့အခမ်းအနားကို ကျင်းပခဲ့သည်။

 

မြတ်စွာဘုရားရှင်အဖြစ်သို့ ရောက်တော်မူပြီး ငါးဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၈ခုနှစ်၊ နယုန်လတွင် ကပိလဝတ်ပြည်နှင့် ကောလိယပြည်မှ တောင်သူလယ်သမားများသည် ရောဟိဏီမြစ်ရေကို ခွဲဝေသုံးစွဲရာ ညီညွတ်မျှတမှုမရှိဘဲ တိုင်းပြည်အချင်းချင်း စစ်ခင်းစစ်ပြိုင်ကြမည့် အခြေအနေကို ရောက်ရှိ လာသောကြောင့် ဗုဒ္ဓမြတ်စွာဘုရားမှ ငြိမ်းချမ်းရေးအခြေခံသော ဗုဒ္ဓဝင်ဖြစ်စဉ်များ ဟောကြားသော နယုန်လပြည့်နေ့ကို မဟာသမယနေ့ဟု သတ်မှတ်ခဲ့ကြောင်းသိရသည်။

 

ထိုကဲ့သို့သော မဟာသမယနေ့၏ အဓိပါယ် အနှစ်သာရများကို သိရှိမှတ်သား လိုက်နာကျင့်ကြံနိုင်စေရန် ကောင်းမြတ်သော ရည်ရွယ်ချက်ဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ မမေ့အပ်သော နေ့ထူးနေ့မြတ်အဖြစ် မဟာသမယနေ့ အခမ်းအနားကြီးကို နံနက် ၅ နာရီတွင် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်းနှင့် နံနက် ၅ နာရီ ၃၀မိနစ်တွင် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများအား အရုဏ် ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း အပါအဝင် နံနက် ၆ နာရီ ၃၀မိနစ်တွင် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ မဟာသမယနေ့ဆိုင်ရာ တရားတော်များနှင့် ရေစက်ချအနုမောဒနာတရားများ နာကြားခြင်း၊ နံနက် ၇ နာရီတွင် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် ဂေါပကရုံးဝန်ထမ်းများက ရင်ပြင်တော် ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်းတွင် စုပေါင်း၍ မဟာသမယတရား ဒေသနာတော်အား ရွတ်ဆိုပူဇော်ခြင်း၊ မေတ္တာပို့ဆုတောင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

မေတ္တာပို့ဆုတောင်းပြီးသည်နှင့် ရင်ပြင်တော်ပေါ်ရှိ ခေါင်းလောင်းများကို ၃ကြိမ် ၃ခါ ထိုးကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group