#LocalNews
Published_7 June 2022

 

ပဲခူး ကမ္ဘောဇသာဒီရွှေနန်းတော်တွင် အမှတ်တရဓာတ်ပုံရိုက်လိုသူများအတွက် နန်းဝတ်နန်းစားဝတ်စုံများကို သမိုင်းယဉ်ကျေးမှု မလွဲချော်စေရန် သိနားလည်သသည့်ပညာရှင်များ၏ အကူအညီရယူ၍ ဆောင်ရွက်နေကြောင်း သိရသည်။

 

ကမ္ဘောဇသာဒီရွှေနန်းတော်သည် အောက်မြန်မာပြည်တွင် တစ်ခုတည်းသော မင်းနေပြည်တော်အဖြစ် ထီးနန်းစိုက်ခဲ့ရာနေရာဖြစ်ပြီးယခုအခါ လေ့လာသူများ ပြန်လည်ရှိလာပြီဖြစ်ကြောင်း၊ နန်းတော်ဝင်းအတွင်း လှည့်လည်လေ့လာနိုင်ရန်အတွက် စက်ဘီးနှင့် မြင်းများကိုလည်း ငှားရမ်းစီးနင်းနိုင်ရန် ဆောင်ရွက်ပေးထားကာ အမှတ်တရဓာတ်ပုံရိုက်နိုင်ရန် KanBawZaThadi မြက်ခင်းပြင်ကိုလည်း ပြုလုပ်ပေးထားကြောင်းသိရသည်။

 

"အမှတ်တရဓာတ်ပုံရိုက်နိုင်ဖို့အတွက် အထိမ်းအမှတ်သင်္ကေတပုံတွေရှိတယ်။ လာရောက်လေ့လာလည်ပတ်ကြသူတွေအနေနဲ့ ရိုးရာဝတ်စုံနဲ့ နန်းတော်အတွင်း ဓာတ်ပုံရိုက်နိုင်ဖို့ ရိုးရာဝတ်စုံတွေ ငှားရမ်းပေးတာ ရှိပါတယ်၊ ဗမာ၊ ရှမ်း၊ မွန် ဝတ်စုံ၊ ထိုင်း၊ တရုတ်ဝတ်စုံတွေထားရှိပေးထားပါတယ်"ဟု အဆိုပါ ရွှေနန်းတော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ နန်းတော်အတွင်း ဒုတိယမြန်မာနိုင်တော်ကြီးအဖြစ် စုစည်းဆောင်ရွက်နိုင်ခဲ့သည့် ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး၏ မြေနန်းပြသာဒ်ဆောင်၊ ဘမရာသနပလ္လင် (စက်တော်ခေါ်ရာအဆောင်)ဆောင်တို့ကို ရှေးဟောင်းသုသေသနဦးစီးဌာနမှ ရှေးမူမပျက် ပုံစံတူပြန်လည်ဆောက်လုပ်ထားပြီး ဘုရင့်နောင်မင်းတရားကြီး၏ မိဖုရားခေါင် ခင်ခင်ကြီးနှင့်ထိုင်းနိုင်ငံမှ ဆက်သခဲ့သည့် မင်းသမီးဆုပန်ကလျာအဆောင်နှင့် မင်္ဂလာကန်တော်တို့လည်း ရှိသောကြောင့် လာရောက်လေ့လာသူများ နေ့စဉ်ရှိနေကြောင်းသိရသည်။

 

ymg/mt
#Yangon_Media_Group