#LocalNews
Published_2 June 2022

 

နေပြည်တော်ရှိ ကိုယ်ပိုင်ကျောင်းအချို့ အနေဖြင့် နိုင်ငံရေးနှင့်မလွတ်ကင်းသည့် ကိစ္စများဆောင်ရွက်နေသောကြောင့် ကျောင်းများကို ယာယီပိတ်သိမ်းမှုဆောင်ရွက်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

"အဓိကပိတ်ရတဲ့ကျောင်းတွေကတော့ နေပြည်တော်မှာရှိတဲ့ ကိုယ်ပိုင်ကျောင်းတွေဖြစ်ပါတယ်။ ဘာလို့ပိတ်ရလဲဆိုတော့ အချို့ကျောင်းတွေမှာ နိုင်ငံရေးနဲ့မလွတ်ကင်းတာတွေ လုပ်နေတာတွေ့ရပြီး တစ်ချို့ကျောင်းတွေကတော့ ပညာရေးဝန်ကြီးဌာနကနေ ထောက်ခံချက်မရရှိဘဲ ဖွင့်ထားတဲ့ကျောင်းတွေဖြစ်ပြီး အဲကျောင်းတွေကို အဓိကထား ပိတ်သိမ်းတာဖြစ်တယ်" ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

 

ကိုယ်ပိုင်ကျောင်းများတည်ထောင်မည်ဆိုပါက ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် မူဝါဒများအရ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းများတွင် လျှောက်လွှာတင်လျှောက်ထားရန်လိုကြောင်း၊ သတ်မှတ်ထားသည့် အဆင့်၊ စံချိန်စံညွှန်းများနှင့်ကိုက်ညီမှု မရှိမရှိ ကိုယ်ပိုင်းကျောင်းကို ဦးစွာစစ်ဆေးကြောင်းသိရသည်။

 

ထို့နောက်တွင် စစ်ဆေးပြီးသည့်အခါ ကိုက်ညီမှုရှိသည့် ကိုယ်ပိုင်းကျောင်းများကို တိုင်းဒေသကြီး၊ အစိုးရအဖွဲ့က ထောက်ခံချက်ပေးခြင်းဖြစ်ကြောင်း၊ ယင်းနောက် ပညာရေးဝန်ကြီးဌာနက ခွင့်ပြုချက်ပေးကာ ကျောင်းဖွင့်ရာသီတွင် ဖွင့်ခွင့်ပေးထားကြောင်းသိရသည်။

 

အဆိုပါ ကိုယ်ပိုင်ကျောင်းများတွင် တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများ အား ခန့်ထားခြင်းမှာလည်း အဆိုပါ ကိုယ်ပိုင်ကျောင်းများ၏ မူဝါဒများနှင့်သာ သက်ဆိုင်ကြောင်း နစက၏ ပညာရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

 

ymg/NN
#Yangon_Media_Group