#Local_News
Published_ 2 June 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတမ်းတောင် အနောက်ရပ်ကွက်၊ ပန်းပင်ကြီးလမ်း၊ အမှတ် ၂၀၊ ပထမထပ်ရှိ နေအိမ်တိုက်ခန်းအား မေ ၃၀ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ဝင်ရောက်ဓားပြတိုက်ခဲ့သူ ၇ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ဓားပြများဟာ တိုက်ခန်းအတွင်း ကျန်းမာရေးမကောင်းသဖြင့် Wheel Chair ဖြင့် သွားနေရသည့် ဒေါ်ခင်ကြည် (၈၈) နှစ်နှင့် အိမ်အကူဒေါ်အေးစန်း (၅၀) နှစ် တို့သာရှိနေစဥ် ဝင်ရောက်လာပြီးနောက် ဒေါ်အေးစန်းအား ကြိုးဖြင့်တုတ်ကာ ဒေါ်ခင်ကြည်အား ဓားဖြင့်ထောက်၍ ၎င်းတို့ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်း ၄ မျိုး နှင့် ဘီရိုအတွင်း ထည့်ထားတဲ့ ငွေကျပ် ၅ သိန်းအား ဓားပြတိုက်ကာ ယူဆောင်သွားခဲ့ပါတယ်။

 

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ကြည့်မြင်တိုင် မြို့မရဲစခန်းက အမှုဖွင့်ကာ လုံခြုံရေးအဖွဲ့ဝင်များနှင့်အတူ အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးခဲ့ကြပါတယ်။

 

ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုတဲ့ TOYOTA PROBOX (အဖြူရောင်)ကားအား စစ်ဆေးသိရှိခဲ့ရပြီး ဓားပြတိုက်ခံရတဲ့ နေအိမ်၌ဖွင့်လှစ်ထားသည့် “အောင်” Car Aircon Service လုပ်ငန်းတွင် အလုပ်လုပ်သူ ဒလမြို့နယ်နေ ချစ်နိုင်(ခ)ရာဂျူး(ခ)ကတုံးအား ညနေပိုင်း၌ ဖမ်းဆီးရမိခဲ့ပါတယ်။

 

ဖမ်းဆီးရမိသူကို စစ်ဆေးချက်အရ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ကျန်စစ်သား (၄)လမ်း ၊အမှတ်(၂၉၉)နေ အောင်ကျော်ဆန်း(ခ)အန်ကူးပါး(ခ)အငူပါး၊ သာကေတ မြို့နယ်၊ (၁၄)ရပ်ကွက်၊ သလ္လာဝတီ(၂)လမ်းနေ လင်းထက်ဇဏ်(ခ)နွားကြီး(၁၉)နှစ်၊ စက်မြေရပ်ကွက်နေ ခန့်ဇင်လင်း(ခ) ကိုခန့်(၁၈)နှစ်နှင့် မှော်စက်ရပ်ကွက်နေ နိုင်နိုင်(ခ) နိုင်းနိုင်း(၂၀)နှစ်၊ ဒလမြို့နယ်၊ ကမာကဆစ် ရပ်ကွက်နေသူများဖြစ်တဲ့ ဟန်ဝင်းဇော် (၁၉)နှစ် နှင့် ဘိုဘိုမင်းသူ(ခ)ဘိုဘို(၁၉)နှစ်တို့အား ဖမ်းဆီးရမိခဲ့ပါတယ်။

 

ဓားပြတိုက်ရာတွင် လုယက်ယူဆောင်သွားခဲ့တဲ့ ရွှေအလေးချိန် ၁ ကျပ် ၉ ပဲ ၇ ရွေး တန်ဖိုးငွေကျပ် ၂၈၇၇၀၀ဝ ကျပ်၊ ငွေ ၈၃၇၅၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၄ လုံးနှင့်နာရီ ၁ လုံးတို့အား ပြန်လည်သိမ်းဆည်းရမိခဲ့ပါတယ်။

 

ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group