#LocalNews
Published -1 June 2022

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် ပြီးခဲ့သည့် မေလ ၂၆ ရက်မှစ၍ ကျောင်းအပ်လက်ခံခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးတွင် ကျောင်းအပ်နှံသူ ၉၁၇၇၂၁ ဦးဖြစ်သောကြောင့် အပ်နှံမှုအများဆုံးဖြစ်ကာ ချင်းပြည်နယ်တွင် ကျောင်းအပ်သူ နှစ်သောင်းကျော်သာရှိ၍ အနည်းဆုံးဖြစ်ကြောင်း သိရသည်။

 

ယနေ့ ဇွန်လ တစ်ရက်က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

 

တစ်နိုင်ငံလုံးကျောင်းအပ်နှံမှု စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်းအပ်နှံသူ ၇ သိန်းခန့် ရှိကာကျောင်းအပ်နှံမှု ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

 

ကျောင်းအပ်နှံမှုကို မေလ ၂၆ ရက်မှ ဇွန်လ တစ်ရက်ထိ သတ်မှတ်ထားသော်လည်း မေလ ၂၆ ရက်မှ မေလ ၃၁ ရက်ထိ ၆ ရက်အတွင်း တစ်နိုင်ငံလုံးတွင် ကျောင်းအပ်နှံသည့် ကျောင်းသားအရေအတွက် ၅ ဒသမ ၂ သန်းရှိနေပြီ ဖြစ်ကြောင်း သိရသည်။

 

"တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မေလ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သပ္ပတ်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်၊၊ ကျွန်တော်တို့အနေနဲ့ ကျောင်းအပ်နှံတဲ့ စာရင်းတွေနဲ့ ပတ်သက်ပြီး တွက်ချက်တဲ့နေရာမှာ မနှစ်ကကျောင်းဘယ်လောက် အပ်ခဲ့လဲဆိုတာကို မူတည်ပြီး တွက်ချက်ရပါတယ်၊၊ ယခင်နှစ်က အပ်နှံမှု ၅ ဒသမ ၃သန်းအပ်ပါတယ်၊ ဒီနှစ်မှာတော့ ၅ ဒသမ ၂ သန်းရှိပြီး ၉၉ ဒသမ ၂၄ ရာခိုင်နှုန်း ရှိပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

 

ymg/tthl - sth
#Yangon_Media_Group