#LocalNews
Published - 30 May 2022

 

ရန်ကုန်မြို့ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းရှိ နေအိမ်တစ်အိမ်ကို ဒီကနေ့ မေ ၃၀ ရက်၊ နံနက်ပိုင်းအချိန်က လူတစ်စုကဝင် ရောက်ကာ ဓါးပြတိုက်သွားပြီး ရွှေ ငွေပစ္စည်းများယူ ဆောင်သွားခဲ့တယ်လို့ အဆိုပါ နေအိမ်ပိုင်ရှင်ထံမှ သိရပါတယ်။

 

"ကျွန်တော်အိမ်ကို ဓားပြဝင်တိုက်သွားပါတယ်။ အုပ်စုလိုက်ကြီးဝင်ပြီး ဓားပြတိုက်တာပါ။ အဘွားကအောက်ထပ်မှာ အမေနဲ့နေတာပါ အမေစျေးသွားတဲ့အချိန် အဘွားနဲ့ကောင်မလေးပဲရှိတဲ့ အချိန်ဝင်တိုက်သွားတယ်။ ကိုယ်တွေ အပေါ်ထပ်မှာရှိနေတာတောင် တိုက်သွားပြီးမှ သိလိုက်ရတယ်။ အဘွားကအသက် (၈၀)ကျော်ပြီမလို့ လူကို တခုခုမလုပ်သွားတာပဲ တော်တော်ကျေးဇူးတင်ရမလို့ ဖြစ်နေတယ် ရွှေတွေရော၊ မှန်တွေပါအကုန်ရိုက်ခွဲပြီး ပိုက်ဆံရော ရွှေပါ အကုန်ယူသွားတာပါ။"လို့ ဓါးပြတိုက်ခံရသည့် အိမ်ပိုင်ရှင်က လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။

 

အဆိုပါ ဓါးပြအဖွဲ့တွင် လူ ၁၀ ခန့်ပါဝင်တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

 

"အောက်ထပ်က ဆိုင် ၂ ဆိုင်ရှိတာကို ကားအဲကွန်းပြင်ဆိုင်နဲ့ ဆေးဆိုင်ရှိတာ အဲ့ဒါ ပထမထပ်ကို အုပ်စုလိုက်ဝင်တိုက်တာနော်။ တကယ်အလုခံရတဲ့သူတွေက တကယ်ကြုံနေရတာဖြစ်လို့ ဖြဲခြောက်နေတာ မဟုတ်ပါဘူး။ အိမ်တိုင်း သော့ကိုဖြစ်နိုင်ရင်သေချာခတ်စေချင်တယ်။ အခုဖြစ်တာကလဲ ကိုယ်ဘယ်အချိန်မှာ ဘာလုပ်တက်တယ်၊ ဘယ်ချိန်ဆို လူမရှိဘူးဆိုတာ သိနေတဲ့သူကပဲ တိုက်တာမလို့ သေချာဂရုစိုက်စေချင်တယ်။"လို့ အားလုံးသတိထားနိုင်ရန် ၄င်းက အသိပေး ပြောပြမှုတွေကိုလည်း ပြုလုပ်ခဲ့တာပါ။

 

အဆိုပါ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပန်းပင်ကြီးလမ်းဆိုတာ လူသွား၊ လူလာများပြားသည့် နေရာတစ်ခုဖြစ်ပြီး အဲ့ဒီလိုနေရာမျိုးကို မနက်ပိုင်းအချိန်မှာ ဓါးပြဝင်တိုက်သွားတာဟာ စဥ်းစားစရာဖြစ်တယ်လို့ ကာယကံရှင်အိမ်ပိုင်ရှင်က ဆိုပါတယ်။

 

"ဒီလိုနေရာကို မနက်ပိုင်းထဲက ဝင်တိုက်သွားတာမလို့ ပတ်ဝန်းကျင်ကို မယုံပါနဲ့ သေချာဂရုစိုက်ကြပါ။"လို့ ၄င်းက ထပ်လောင်းအသိပေးခဲ့တာပါ။

 

ဒါ့အပြင် ရန်ကုန်မြို့မှာ ယခုနောက်ပိုင်းကာလအတွင်း လုယက်မှုဖြစ်စဥ်တွေကိုလည်း ပြည်သူ တွေက အများအပြားကြုံတွေ့နေရတာလဲ ဖြစ်ပါတယ်။

 

Photo - CJ

ymg/kg
#Yangon_Media_Group