#LocalNews
Published - 28 May 2022

 

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းမှ Terminal များမှ တစ်ဆင့် စက်သုံးဆီ အဆက်မပြတ်ထုတ်ပေးနေသည်ဟု ဆိုသော်လည်း မြေပြင်တွင် ဝယ်ရခက်သည့် အခြေ အနေကြုံတွေ့နေရကြောင်း တက္ကစီယာဥ်မောင်းများနှင့် ကိုယ်ပိုင်ယာဥ်မောင်းနှင်သူများက ပြောသည်။

 

"တချို့ဆိုင်တွေမရဘူး။ ဆိုင်တွေမှာဆိုရင် 92 ဘယ်လောက် 95 ဘယ်လောက်ဆိုပြီး ရေးထားတာတွေရှိတယ်။ အဲ့လိုရေးထားတာမရှိဘူးဆိုရင် ဆီကုန်နေလို့ပဲ။ ဒီဇယ်သီးသန့်တစ်မျိုးတည်းရတော့တယ်။ ဆီစျေးကလည်း နည်းနည်းတော့တက်နေတယ်" ဟု တက္ကစီယာဥ်မောင်း ဦးအောင်ကျော်ဦးက ပြောသည်။

 

မေလ ၂၈ ရက် ထုတ်ပြန်ကြေညာထားသည့် စက်သုံးဆီစျေးနှုန်းမှာ ၉၅ တစ်လီတာ ၂၁၇၅ ကျပ်၊ ၉၂ တစ်လီတာ ၂၂၈၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၂၈၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၃၁၀ ကျပ်ဖြစ်ပြီး ဆီစျေးအနည်းငယ်တတ်သွားကြောင်း သိရသည်။

 

"95 ကဆိုင်တိုင်းမရဘူး။ မရတာကများတယ်။ တချို့ဆိုင်တွေဆိုရင် ဆီကုန်ပြီလို့ပြောတယ်။ ဆီကလည်းတော်တော်စျေးကြီးတယ်။ ဝယ်ရတာလည်း အခက်အခဲရှိတယ်" ဟု တာမွေမြို့နယ်တွင်နေထိုင်သူ ဦးနေလင်းက ပြောသည်။

 

အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းသို့ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပါ။

 

ymg/sth
#Yangon_Media_Group