#LocalNews
Published_23 May 2022

 

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးဇော်ဌေး နေပြည်တော်၌ ယနေ့ မေလ ၂၃ ရက် နံနက်က ကွယ်လွန်သွားကြောင်း သိရသည်။

 

ဇော်ဌေးသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၇)မှဖြစ်ကာ ဗိုလ်မှူးအဆင့်ရှိတပ်မတော်သားတစ်ဦးလည်းဖြစ်ပြီး မှူးဇော်ဟူသောအမည်ဖြင့် လူမှုကွန်ရက်အသုံးပြုသောကြောင့် မှူးဇော်ဟု လူသိများသည်။

 

"သူက ဆေးလိပ်သောက်တယ်။ အခု နှလုံးရောဂါကြောင့်လို့ သိရပါတယ်"ဟု နေပြည်တော်ရှိ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

 

၂၀၀၇ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီးနောက် USDP အသင်းဝင် ဖြစ်လာခဲ့ကာ ၂၀၁၁ ခုနှစ် အစိုးရအကူးအပြောင်းတွင် ပေါ်ပေါက်လာခဲ့သော နိုင်ငံတော်သမ္မတရုံးတွင် ညွှန်ကြားရေးမှူး ဖြစ်လာခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့သည်။

 

၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း သမ္မတဦးသိန်းစိန်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်စဉ်က မှူးဇော် ဟူသော အမည်ဖြင့် လူမှုကွန်ယက်ဖေ့ဘွတ်ခ်တွင် ဆောင်းပါးများ ရေးသားခဲ့ပြီး ၎င်းကို မှူးဇော်ဟု လူသိများကြသည်။

 

၂၀၁၆ ခုနှစ် အစိုးရအသစ်တက်လာချိန်တွင် ဦးဇော်ဌေးသည် ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်လာခဲ့ပြီး အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနရှိ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်လည်းကောင်း၊ နောက်ပိုင်းတွင် သမ္မတရုံး၌ ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း ဖြစ်လာကာ အစိုးရအဖွဲ့၏ ပြောခွင့်ရှိသူအဖြစ် နိုင်ငံတော်သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲများကို ဦးဆောင်ကျင်းပခဲ့ရသူဖြစ်သည်။

 

ymg/mt
#Yangon_Media_Group