#Local_News
Published_ 19 May 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် ငွေကျပ်သိန်း ၁၁၀၀ ကျော်တန်ဖိုးရှိ အက်တက်စီဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

 

မေလ ၁၄ ရက် ညနေ ၃ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကမာရွတ်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ နာနတ်တောလမ်းတွင် မင်းကိုကိုနှင့် ကျော်လင်းထက်တို့အား Mark II အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် စိုင်းရဲထက်၊ ရဲမာန်အောင်၊ မင်းသန့်ထူးနှင့် ပိုင်သက်ကျော်တို့အား Mark II အမျိုးအစား မော်တော်ယာဉ် ၁ စီးတိုအား တွေ့ရှိပြီး စစ်ဆေးရှာဖွေခဲ့ပါတယ်။

 

ထိုသို့စစ်ဆေးရာ မင်းကိုကိုနှင့် ကျော်လင်းထက်တို့ မော်တော်ယာဉ်ပေါ်မှ အက်တက်စီဆေးပြား ၃၆၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် သိန်း ၁၁၄၀) နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား လည်းကောင်း၊ စိုင်းရဲထက်၊ ရဲမာန်အောင်၊ မင်းသန့်ထူးနှင့် ပိုင်သက်ကျော်တို့ထံမှ အမေရိကန်ဒေါ်လာငွေ ၁၀၄ ဒေါ်လာ၊ ထိုင်းဘက်ငွေ ၂၁၀ ဘတ်၊ မြန်မာငွေကျပ် ၁၅၂၅၀ နှင့် လက်ကိုင်ဖုန်း ၅ လုံး တို့အားလည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါအက်တက်စီဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါ၀င်သူ ဒေါ်မေသန်းစိုး (ခ)စိုးစိုးအား ၎င်းနေထိုင်သည့် စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်း(မြောက်)ရပ်ကွက်၊ ရန်ကြီးအောင်လမ်းရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ည ၈ နာရီတွင် ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

 

မင်းကိုကို(၃၄)နှစ်၊ ကျော်လင်းထက်(၂၇)နှစ်၊ စိုင်းရဲထက်(၂၄)နှစ်၊ ရဲမာန်အောင် (၂၃)နှစ်၊ မင်းသန့်ထူး(၂၄) နှစ်၊ ပိုင်သက်ကျော်(၂၄)နှစ် နှင့် ဒေါ်မေသန်းစိုး(၄၅)နှစ်တို့အား ဗဟန်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group