#Local_News
Published_ 1 May 2022

 

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် မေ ၁ ရက်တွင် စတင်အသက်ဝင်ပြီဖြစ်ကြောင်း နစက ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

 

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) သည် စာချုပ်အပိုဒ် (၂၀.၆) စာချုပ်အသက်ဝင်ခြင်းအရ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ အကြား မေလ ၁ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။

 

အဆိုပါ သဘောတူစာချုပ်အား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့တဲ့ (၄) ကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

 

RCEP တွင် လက်ရှိပါဝင်တဲ့ နိုင်ငံ (၁၅) နိုင်ငံသည် လူဦးရေအားဖြင့် ၂.၂ ဘီလီယံ ရှိသဖြင့် ကမ္ဘာ့လူဦးရေ၏ ၃၀% ကို ကိုယ်စားပြုပြီး ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၆.၂ ထရီလီယံ ရှိသဖြင့်လည်း ကမ္ဘာ့ထုတ်လုပ်မှုတန်ဖိုး၏ ၃၀% ခန့်ရှိပါတယ်။

 

COVID – 19 အလွန်ကာလတွင် မြန်မာနိုင်ငံ၏စီးပွားရေးကို ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ရာတွင် မြန်မာ့ပို့ကုန်များအတွက် ပိုမိုကျယ်ပြန့်သည့် ဈေးကွက်ကို ရရှိစေမည်ဖြစ်သဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့အတွက် အခွင့်အလမ်းကောင်းများကို ရရှိစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာ့စီးပွားရေးလုပ်ငန်းများအနေဖြင့် အဆိုပါစာချုပ်ကပေးအပ်တဲ့ အကောက်ခွန်အထူးအခွင့်အရေးကိုအသုံးပြု၍ အကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ymg-mnn
#Yangon_Media_Group.