#LocalNews
Published -20 Apr 2022

 

ရန်ကုန်တိုင်းဒေသကြီးအတွင် အများပြည်သူသုံးယာဉ်လိုင်းအချို့နေရာတွင် လျှပ်စစ်ကားများဝင်ရောက်ပြေးဆွဲရေးအတွက် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ YRTA ကနေ ယာဉ်လိုင်းကုမ္ပဏီအချို့ကိုဆက်သွယ်မေးမြန်းပြီး သဘောထားတောင်းခံတယ်လို့ သိရပါတယ်။

 

အဆိုပါ သဘောထားတောင်းခံမှုကို ဖုန်းဖြင့်ဆက်သွယ်ပြောဆိုတာဖြစ်ပြီး မည်သည့်ယာဉ်အမျိုးအစားမည်သည့်ကုမ္ပဏီက လုပ်ကိုင်ဆောင်ရွက်မယ်ဆိုတာကိုတော့ တရားဝင်စာရွက်စာတမ်းနဲ့အကြောင်းကြားတာမျိုးမရှိဘူးလို့ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ယာဉ်လိုင်းကုမ္ပဏီ တစ်ခုကနေသိရပါတယ်။

 

"ဘာကားအမျိုးအစားလည်း ဘယ်နှစ်ယောက်ဆံ့တာလည်း ဘယ်သူလုပ်မှာလည်းဆိုတာမသိရပါဘူး ဖုန်းနဲ့ဆက်သွယ်မေးမြန်းပြီး သဘောထားတောင်းခံတာပဲ စာရွက်စာတမ်းမပေးပါဘူးသဘောထားသိချင်တယ်ပဲပြောတယ် ကုမ္ပဏီဘက်ကတော့ ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီးမှ သဘောထားအကြောင်းပြန်ပေးမယ်ပြောထားတယ်"လို့ ယာဉ်လိုင်းကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

မတ်လ ၂၉ ရက်နေ့ကပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိတို့နိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ မီးရထားနဲ့မော်တော်ယာဉ်တွေမှာ လျှပ်စစ်ကားနဲ့ လျှပ်စစ်ရထားတွေ အစားထိုးသုံးစွဲပါက စက်သုံးဆီသုံးစွဲမှုကို လျော့ချချွေတာနိုင်မယ်လို့ ပြောပါတယ်။

 

ပြည်ပကတင်သွင်းတဲ့ လောင်စာဆီတွေကို ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ ၇၂ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍမှာ ၂၆ ရာခိုင်နှုန်းနဲ့ လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍမှာ ၁ ရာခိုင်နှုန်းသာ အသုံးပြုနေပြီး လျှပ်စစ်ကား၊ လျှပ်စစ်ရထားတွေ အစားထိုးသုံးစွဲပါက စက်သုံးဆီသုံးစွဲမှုတွေ ချွေတာနိုင်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

 

ဒါ့အပြင် Public Transportations ကိစ္စရပ်တွေမှာ လျှပ်စစ်ကို အသုံးပြုနိုင်မယ်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးရှိမှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

 

ymg/hm
#Yangon_Media_Group