#Local_News
Published_ 15 April 2022

 

သီပေါမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်ပေါ် လိုက်ပါလာသူနှစ်ဦးထံမှ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ဧပြီ ၁၃ ရက် နေ့လည် ၁၁ နာရီအချိန်ခန့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များနှင့် လုံခြုံရေးတပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့ဟာ သက်သေများနှင့်အတူ သီပေါမြို့နယ်၊ မူဆယ်-မန္တလေးသွား ပြည်ထောင်စုကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မော်တော် ယာဉ်များအား စစ်ဆေးရှာဖွေခဲ့ပါတယ်။

 

လားရှိုးမြို့ဘက်မှ မိုးကုတ်မြို့ဘက်သို့ မောင်းနှင်လာတဲ့ ခရီးသည်တင်မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် စိုင်းအိုက်ဟုန် နှင့် စိုးသန်း(ခ)ရခိုင် တို့သယ်ဆောင်လာသော ခရီးဆောင်အိတ်အတွင်းနှင့် စက္ကူဂျပ်ဖာအတွင်းတို့မှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁.၁ ကီလို၊ ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၁၆၅ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

 

စိုင်းအိုက်ဟုန် (၃၈)နှစ်နှင့် စိုးသန်း(ခ)ရခိုင်(၂၇)နှစ်တို့အား သီပေါမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_