#LocalNews
Published - 9 April 2022

 

အိန္ဒိယ - မြန်မာနယ်စပ်မြို့ဖြစ်သည့် တမူးမြို့တွင် ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ထပ်မံ၍ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

 

အဆိုပါ ဖြစ်စဥ်ဟာ မတ်လ ၈ ရက် နေ့၊ ညပိုင်းအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တမူးမြို့၊ စျေးတန်း(၁၁)ရပ်ကွက်တွင်နေထိုင်သူ ရာအိမ်မှူး ကိုထွန်းထွန်း(ခ)ငထွန်းအား မြို့တွင်းရှိနေအိမ်တွင် မျက်နှာဖုံးစွပ် လူ(၃)ဦးမှ လာရောက်ဖမ်းစီးခေါ်ဆောင်သွားပြီး ဒီကနေ့ မတ်လ ၉ ရက် နေ့တွင် တမူးမြို့တွင်းတစ်နေရာ၌ အလောင်းအား လာရောက်ပစ်ထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

" ဒီလိုဖြစ်စဥ်တွေက တမူးမှာ တော်တော်များနေပြီလေ။ အုပ်ချုပ်မှူးတွေက ပြောရရင် သေမယ့်ရက်ကို ထိုင်စောင့်နေရသလိုဖြစ်နေတယ်။ သူတို့က မြို့ထဲဝင်လာတယ်၊ လာဆွဲတယ် ပြီးရင် အလောင်းပြန်လာထားတယ်၊ အဲ့လိုတွေဖြစ်နေတာပေါ့၊ အခုဆို အုပ်ချုပ်ရေးမှူးတွေ တော်တော်များများ နှုတ်ထွက်စွာတင်ထားကြပြီ" လို့ တမူးမြို့ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

 

ပြီးခဲ့သည့် နှစ်မှစ၍ တမူးမြို့ရှိ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများအနေနဲ့ လက်နက်ကိုင်အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး ယနေ့အချိန်အထိ အုပ်ချုပ်ရေးမှူး (၃၀)နီးပါးခန့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

 

" ပြောရရင် တမူးမြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေအတွက် လုံခြုံရေးအာမခံချက်က ဘာမှမရှိဘူးလေ။ တမူးမြို့မှာ ဒီလိုဖြစ်စဥ်တွေ အကြိမ်ကြိမ်ဖြစ်နေတယ်။ တစ်စုံတစ်ရာ ဖေါ်ထုတ်အရေးယူတဲ့သတင်းလည်း မကြားရဘူး။ ပြောရရင် အားလုံးက ကြောက်နေကြတာပေါ့။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။

 

ယင်းဖြစ်စဥ်တွေ ကြောင့် ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေအ နေနဲ့ နှုတ်ထွက်တာတွေ CDM လုပ် ရှောင်တိမ်းတာတွေလည်း ရှိနေတယ်လို့ တမူးမြို့ဒေသခံတွေက ပြောပါတယ်။

 

အဆိုပါ လက်နက်ကိုက်အဖွဲ့ဟာ အိန္ဒိယနယ်မြေကို အခြေပြု၍ လှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

ymg/kg
#Yangon_Media_Group