#LocalNews
Published - 28 March 2022

 

ဒီကနေ့နံနက်ပိုင်းက မြဝတီ-ကော့ကရိတ်အာရှလမ်း ဘေလီတံတားအနီးတွင် မြဝတီဘက်က ဆင်းလာသည့် ပရိုဘောက်ယာဉ် တစ်စီးပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါအမျိုးသားတစ်ဦး သေးဆုံးသွားခဲ့တယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဆိုပါဖြစ်စဥ်ဟာ ယနေ့နံနက် ၈ နာရီ မိနစ် ၂၀ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်ခံရသည့်ဖြစ်စဉ်အတွင်း သေဆုံးသူမှာ မော်လမြိုင်တွင်နေထိုင်သူဖြစ်ပြီး လက်ရှိ သေဆုံးသူ၏ ရုပ်အလောင်းကို ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ကော့ကရိတ်မြို့ ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။

 

"မြဝတီမှ ဆင်းလာသော Probox ယာဉ် ယာယီဘေလီတံတားအနီးမှာ ပစ်ခတ်ခံရပြီး အမျိုးသား
တစ်ဦးထိမှန်သေဆုံးခဲ့ပါတယ်။ မော်လမြိုင်မြို့နေသူဖြစ်ကြောင်း သိရှိရပါတယ်။ သတိပြုဆင်ခြင်သွားလာကြပါ။"လို့ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

 

ထို့အပြင် ယနေ့ နံနက်ပိုင်းတွင် အဆိုပါနေရာမှပင် ကော့ကရိတ်ဘက်ကတက်လာသည့် ယာဉ်တစ်စီး ထပ်မံပစ်ခတ်ခံရပြီး လူထိခိုက်မှုတော့မရှိခဲ့ကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ သင်္ဃန်းညီနောင်လူမှုကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။

 

အဆိုပါ မြဝတီ-ကော့ကရိတ်အာရှလမ်းကို အသုံးမပြုကြဖို့ မကြာသေးမီရက်ပိုင်းအတွင်းက KNU ဘက်က အကြောင်းကြားစာ ထုတ်ထားတာဖြစ်ပါတယ်။

 

အဆိုပါအသိပေးစာကို ဒူးပလာယာခရိုင် (KNU တပ်မဟာ ၆ ) ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၂၇ ရက် နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လမ်းအသုံးပြု၍ ကုန်သွယ်မှုနှင့် ခရီးသွားလာခြင်းမပြုလုပ်ကြဖို့ ပန်ကြားထားတာပါ။

 

လက်ရှိတွင် မြဝတီ-ကော့ကရိတ်အာရှလမ်းကြီးမှာ နှစ်ဖက်တပ်တွေ တိုက်ပွဲပြင်းထန်နေသည့် အတွက် ခရီးသွားလာကြမည့်သူများအနေနဲ့ တိုက်ပွဲသတင်းများကို နားစွင့်ပြီးမှသာ သွားလာကြဖို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေက အသိပေးနှိုးဆော်ထားကြပါတယ်။

 

Photo - CJ/ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့

 

ymg/kg
#Yangon_Media_Group