#LocalNews
Published - 22 Mar 2022

 

အားကောင်းသောမုန်တိုင်းငယ် ဟိုင်းကြီးကျွန်းမြို့အနီးမှ စတင်ဖြတ်ကျော်နေကြောင်း မိုးဇလက ထုတ်ပြန်လိုက်သည်။

 

ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်နေစဉ် ဧရာဝတီတိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊လပွတ္တာခရိုင်၊မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း(၈)ပေမှ (၁၂)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

 

အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း၊ နောက်(၂၄)နာရီအတွင်း မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက် ပုသိမ်မြို့အနီးမှ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းအနီးသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

 

အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏အရှိန်ကြောင့် ယနေ့မွန်းလွဲပိုင်းမှ မနက်ဖြန် မတ်လ ၂၃ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

 

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်ကြောင်းသိရသည်။

 

#ymg-mt
#Yangon_Media_Group