Published 21 March 2022

ဘဝနတ်ထံပျံလွန်တော်မူခဲ့တဲ့ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယာဓိပတိ ဥက္ကဋ္ဌ ဓမ္မသေနာပတိ ပန္နရသမရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ ဝိဇ္ဇောတ မဟာထေရ်မြတ်ကြီးရဲ့ အန္တိမအဂ္ဂိ ဈာပနပူဇော်ပွဲကို မတ် ၂၂ ရက် အင်္ဂါနေ့ မွန်းလွဲ ၁ နာရီတွင် ကိုဗစ်-၁၉ စည်းမျဉ်းများနှင့်အညီ ကျင်းပပြုလုပ်သွားမယ်လို့ သိရှိရပါတယ်။

ဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်တော်မြတ်ကို နစကဥက္ကဋ္ဌ  ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊နစကကောင်စီဝင်များနှင့် အဖွဲ့ဝင်တွေဟာ မတ်လ(၂၁)ရက် ယနေ့မွန်းလွဲ ပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး အန္တိမအဂ္ဂိဈာပနပူဇော်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ငွေကျပ်သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးကို ၁၂၉၁ ခုနှစ် တပေါင်းလဆန်း ၇ ရက် ဗုဒ္ဓဟူးနေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ် စာစဉ်ရပ်ကွက်၌ ခမည်းတော် ဦးနု၊ မယ်တော် ဒေါ်ထွားတို့မှ ဖွားမြင်ခဲ့ပါတယ်။ ဆရာတော် လောင်းလျာသည် ၁၃၀၄ ခုနှစ်တွင် မုဒုံမြို့ ကျောက်ဝိုင်းစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဇဝန ကို ဥပဇ္ဈယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၁၁ ခုနှစ်တွင် ဗဟန်းမြို့နယ် ကံသာကျောင်းသစ်ကျောင်း သီလဝိသော ဓနီ သိမ်တော်၌ ရန်ကုန်မြို့ ဦးဖေသိန်း၊ ဒေါ်ကြင်ရန်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့် မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါတယ်။ဆရာတော်ဘုရားကြီးသည် ပရိယတ္တိစာပေများကို ကြိုးစားအားထုတ် လေ့လာသင်ယူတော်မူခဲ့ပြီး သာသနဓဇ သိရီပဝရဓမ္မာစရိယ သိရောမဏိနှင့် Dip.BD ဘွဲ့တို့ကို ရရှိတော် မူခဲ့ပါတယ်။ မရမ်းကုန်း မြို့နယ် ဝိဇ္ဇောတာရုံစာသင်တိုက်၌ စာသင်သား ရဟန်း၊ သာမဏေများအား စာပေ ကျမ်းဂန်များ သင်ကြားပို့ချတော်မူခဲ့ခြင်း၊ ရေးသားပြုစုတော်မူခဲ့ခြင်း၊ သာသနိက အဆောက်အဦများ တည်ဆောက်ပြုပြင်မွမ်းမံခဲ့ခြင်းနှင့် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်၊ စွယ်တော်မြတ်စေတီတော် ဂေါပကအဖွဲ့တို့၏ ဩဝါဒါစရိယဆရာတော် အဖြစ်လည်းကောင်း၊ သံဃာအဖွဲ့အစည်း အဆင့်ဆင့်တွင် မြို့နယ် သံဃနာယကအဖွဲ့ (ရွှေကျင်)ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖြစ် လည်းကောင်း၊ နိုင်ငံတော်ဝိနည်းဓိုရ်အဖြစ် လည်းကောင်း၊ ပန္နရသမ ရွှေကျင်သာသနာပိုင်အဖြစ် လည်းကောင်း၊ နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်အဖြစ်လည်းကောင်း သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့ပါတယ်။

ယင်းကဲ့သို့ ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သော ဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သောကြောင့် နိုင်ငံတော် အစိုးရက ၁၃၇၉ ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့၊ ၁၃၈၂ ခုနှစ် တွင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်မြတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

ဆရာတော်ဘုရားကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော်(၉၃) သိက္ခာတော် (၇၃)ဝါအရ ၁၃၈၃ ခုနှစ် တပေါင်းလပြည့်ကျော်(၄) ရက် ၂၀၂၂ ခုနှစ် မတ်လ ၂၀ ရက် တနင်္ဂနွေနေ့ နံနက် ၂ နာရီ ၁၂ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။