#LocalNews
#Published - March 7 2022

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ သိင်္ဂုတ္တရ ကုန်းတော်၌ တည်ထားတော်မူသည့် လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်ကြီး၏ (၂၆၁၀) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးကို ယနေ့ မတ်လ ၇ ရက်တွင် စတင်ပြီဖြစ်ကြောင်း သိရသည်။

 

မတ်လ ၁၆ ရက်ထိ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာ ဟုဆိုအပ်သည့် ပူဇော်မှုအမျိုးမျိုးတို့နှင့်အတူ ၁၀ ရက်ကြာကျင်းပမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က သိရသည်။

 

ယနေ့ မတ်လ ၇ ရက်တွင် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို ဖွင့်ပွဲပြုလုပ်ခဲ့ပြီး မတ်လ ၁၆ ရက်ထိ သံဃာတော် ၁၈ ပါးတို့က နာရီပေါင်း ၂၁၆ နာရီတိုင် အသံမစဲပဌာန်းပွဲ ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။

 

တပေါင်းလပြည့်နေ့ဖြစ်သော မတ် ၁၆ ရက် နံနက် ၅ နာရီခွဲအချိန်တွင် ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း၊နံနက် ၉ နာရီအချိန်တွင် ချမ်းသာကြီးတန်ဆောင်း၌ လှူဒါန်းမှုအစုစုအတွက် ရေစက်ချ၍ နေ့ဆွမ်းကပ်လှူခြင်းများ ပြုလုပ်ကြမည်ဖြစ်ကြောင်းလည်း သိရသည်။

 

အဆိုပါပွဲတော်ကျင်းပခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group