#LocalNews
Published - 17 Feb 2022

 

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့် စပိန်နိုင်ငံကလည်း ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် - ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော် IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတ ဦးဆောင်သောအဖွဲ့သည် မြတ်ဗုဒ္ဓဘာသာအတွက် ဥရောပမှာ Holy Land -Holy City ဟု သတ်မှတ်ထားသော စပိန်နိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်မှာ ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်ကြီးတည်ဆောက်ရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး
စပိန်နိုင်ငံ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့စဥ်မှာ ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်တည်ဆောက်ခွင့်နှင့် အဆိုပါ
သဘောတူညီမှုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။

 

ယင်းတွေ့ဆုံဆွေးနွေးမှုကို ယမန်နေ့( ဖေဖော်ဝါရီ ၁၆)ရက်က စပိန်နိုင်ငံရှိ ကပ်ဆီးရပ်မြို့တော်ဝန်ရုံး၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

 

အဆိုပါတွေ့ဆုံမှုတွင် မြန်မာ-နယ်သာလန်ကိုယ်စားပြု ဗုဒ္ဓဘာသာအဖွဲ့ ဦးဆောင်ဆရာတော်ဒေါက်တာအရှင်သောဘိတ-(IBEC) ဆရာတော်နှင့်အဖွဲ့အား စပိန်နိုင်ငံ၌တည်ဆောက်မည့် Lumbini Garden Project ဥက္ကဋ္ဌ H.E. Jose Manual Vilanova နှင့် ဒါရိုက်တာအဖွဲ့က ရှေးဦးစွာတွေ့ဆုံ၍ ထိုဆွေးနွေးပွဲကို ဒေသစံတော်ချိန် နံနက်(၉)နာရီခွဲမှ (၁၁)နာရီအထိလည်းကောင်း၊ ဆက်လက်ပြီး နေ့လည်(၁၂)နာရီအချိန်တွင် စပိန်နိုင်ငံ Caceres patrimonio De La Humniddad , UNESCO မြို့တော်ဝန် His Excellency Luis Salaya က IBEC ဆရာတော်နှင့်အဖွဲ့အား မြို့တော်ဝန်ရုံးမှာ လက်ခံတွေ့ဆုံကာ ဆွေးနွေးခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါ The Second Birth Place of Lord Buddha Garden Project in Spain စီမံကိန်းသည် အထူးစိတ်ဝင်စားစရာကောင်းသလို မြို့တော်ဝန် His Excellency Luis Salaya နှင့် Lumbini Garden Project အဖွဲ့တို့သည် IBEC ဆရာတော်နှင့်သာသနာပြုအဖွဲ့အား ယဉ်ကျေးမူမြို့တော်အကြောင်းရှင်းပြကာ အပြန်အလှန်မိတ်ဆက်ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

 

စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် -ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော် IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတသည် ဥရောပနိုင်ငံများသို့ ငြိမ်းချမ်ရေးခရီးစဥ်အဖြစ် ကြွချီနေတာလည်း ဖြစ်ပါတယ်။

 

IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်ဟာ (၁)လကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။

 

IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်အတွင်း မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံဒေသတွင်းနှင့် ဥရောပသမဂ္ဂအတွင်း အပြုသဘောဆောင်မူပြရုပ်များကိုဆောင်ရွက်ကြရန် ငြိမ်းချမ်းရေးသတင်းစကားများ ပြောကြားမှာဖြစ်တယ်လို့လည်း International Buddhist Education Center(သတင်းထုတ်ပြန်ရေးအဖွဲ့) က သတင်းထုတ်ပြန်ထားပါတယ်။

 

ဓါတ်ပုံ - International Buddhist Education Center(သတင်းထုတ်ပြန်ရေးအဖွဲ့)

 

ymg/kg
#Yangon_Media_Group