#LocalNews
Published - 20 Jan 2022
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီလေယာဉ်ကွင်းနှင့်ရေနက်ဆိပ်ကမ်းတည်ဆောက်ရန် ကော်မတီတစ်ခု ဖွဲ့စည်းလိုက်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သိရသည်။

အဆိုပါ ကော်မတီကို တည်ဆောက်ရေးစီမံကိန်းအကောင်အထည်ဖော်ရေးကြီးကြပ်မှုဗဟိုကော်မတီဟု အမည်ပေးထားပြီး ယင်းတွင် ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ပြည်ထဲရေးပြည်ထောင်စုဝန်ကြီး၊စီမံကိန်းနှင့်ဘဏ္ဍာရေးပြည်ထောင်စုဝန်ကြီး၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပြည်ထောင်စုဝန်ကြီး၊လျှပ်စစ်နှင့်စွမ်းအင်ပြည်ထောင်စုဝန်ကြီး၊ဆောက်လုပ်ရေးပြည်ထောင်စုဝန်ကြီး၊မွန်ပြည်နယ်အစိုးရအဖွဲ့၊စစ်အင်ဂျင်နီယာညွှန်ကြားရေးမှုးရုံးစသည်တို့ ပါဝင်ကာ ပေါင်းစပ် ကြီးကြပ်ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။

"ဟုတ်တယ်။နိုင်ငံတော်ပြန်တမ်းမှာ ထုတ်ပြန်တဲ့ အခြေအနေပဲ ရှိပါသေးတယ်။အဆင့်ဆင့်လုပ်ရမှာက အများကြီးပါ၊ဒါတွေကို မကြာခင်တော့ သိရမှာပါ။အခုကတော့ ကော်မတီဖွဲ့ ပြီး လုပ်ငန်းလုပ်ဖို့ လုပ်နေကြတယ်"ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၏ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ်ကို ပြောသည်။

လွန်ခဲ့သော ၂၀၁၂ ခုနှစ်ကာလကတည်းက မွန်ပြည်နယ် အတွင်းရှိ ကုလားဂုတ်ကျွန်းတွင် ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့ကလျာထားခဲ့သည်။ယင်းနောက် အစိုးရ ပြောင်းသွားသော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနက စီမံကိန်းကို ဆက်လက် လုပ်ဆောင်ရန် ရင်းနှီးမြှုပ်နှံသည့်အခမ်းအနားများအတွင်း အနာဂတ်မျှော်မှန်းချက် မဟာဗျူဟာစီမံကိန်း များကို ထည့်သွင်းပြသခဲ့ကြသေးသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် နှင့် ၃၀ ရက်တို့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီမှုဖြင့် စင်ကာပူအခြေစိုက် Surbana Jurong Group က "၂၀၁၉ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ - Mon State Investment Affair 2019” ကို မွန်ပြည်နယ် မော်လမြိုရှိ Strand Hotel ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်၏ အနာဂတ်မျှော်မှန်းချက် မဟာဗျူဟာစီမံကိန်း (The Mon State Vision Master Plan 2035) များဖြစ်ကြသော စိုက်ပျိုးရေးနှင့် ငါးမွေးမြူရေး၊ ရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်း အစရှိသည့် ကဏ္ဍများကို ဆွေးနွေးခဲ့ကြသေးသည်။

မဟာဗျူဟာစီမံကိန်းတွင် ပါဝင်သည့် ရေနက်ဆိပ်ကမ်းကို မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ ကုလားဂုတ်ကျွန်းတွင် တည်ဆောက်သွားရန် လျာထားခြင်းဖြစ်သည်။

လက်ရှိ နစက အနေဖြင့် နိုင်ငံတကာ အဆင့်မီ လေဆိပ်တစ်ခုကိုလည်း တည်ဆောက်ရန်ရှိနေပြီး ယင်းကို မည်သည့်နေရာတွင် သတ်မှတ်ထားသည်ကို မသိရသေးပေ။

ymg/mt
#Yangon_Media_Group