#LocalNews
Published - 20 Jan 2022
ပုဂံ - ညောင်ဦး ဒေသတွင် လျှပ်စစ်မီးများ မကြာခဏဆိုသလို ပြတ်တောက်နေမှု များကြောင့် မီးစက်များ ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအား ကောင်းခဲ့တယ်လို့ အဆိုပါ ဒေသခံ တွေ ရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ ပုဂံ- ညောင်ဦး ဒေသရှိ မြင်းကပါ ကျေးရွာမှာ၂၄ နာရီလုံးလုံး လျှပ်စစ်ဓါတ်အား တွေ ပြတ်တောက်
နေခဲ့တာဟာ ဒီကနေ့နဲ့ဆိုပါက ၅ ရက်၊ ၆ ရက်ခန့်ရှိပြီ ဖြစ်တယ်လို့ ၄င်းတို့က ဆိုပါတယ်။

"မြင်းကပါကျေးရွာမှာ လျှပ်စစ်မီး ဖြတ် တောက်ခံထားရတာ ၄ ရက် ကျော် ၅ ရက် လောက်ရှိပါပြီ။ ပုဂံမြို့ ပေါ်
ကျတော့ ပုဂံ-ညောင်ဦး မြို့ ပေါ်မှာကျ မနက် ၄ နာရီ၊ ညနေ ၄ နာရီပေါ့၊ အချိန်နဲ့ဘဲမီးပေးတယ်၊ အဲ့လိုပေါ့ မနက်ဆိုရင် ၄ နာရီ ၅ နာရီ လောက်ဆိုဖြတ်ပြီ၊ ၈ နာရီ လောက်မှပြန်လာတယ်။ ညဆိုရင် ၅ နာရီ လောက်က နေပြတ်ပြီ ၈ နာရီ ၉ နာရီ လောက်မှပြန်လာတယ်။ မြင်းကပါရွာမှာ ပထမ စစ မီးဖြတ်တုန်းက ဆိုရင်ထရန်စဖော်မာပေါက်တယ် ပြောပြီးဖြတ်လိုက်တယ်၊ နောက်ပိုက်ဆံ ကောက်တယ်။ ပိုက်ဆံ ကောက်ပြီး တော့ ဘယ်လို ပြောရမလဲ ရွာကလည်း ပိုက်ဆံမရှိလို့ လားမသိဘူး။ အခုထိရွာမှာ မီးမလာတာဟာ ၅ ရက်၊ ၆ ရက် လောက်ရှိသွားပါပြီ။ ၂၄ နာရီလုံးလုံးဆို တော့ ဖုန်းအားသွင်းရင်တောင် ညောင်ဦးသွားသွင်းရတယ်၊ ပုဂံကိုသွားသွင်းရတယ်။ မြို့ ပေါ်မှာလည်း အချိန်နဲ့မီးပြတ်တယ်။ ရွာမှာလည်း မီးလုံးလုံးပြတ်တယ်၊ အဲ့လိုဖြစ်နေတာ ပေါ့။"လို့ ပုဂံ - ညောင်ဦး ဒေသခံတစ်ဦးက အခုလို
ပြောပြခဲ့ပါတယ်။

ယခုကဲ့သို့ လျှပ်စစ်မီးများပြတ်တောက် နေသည့် အတွက် ပုဂံ- ညောင်ဦး ဒေသခံများအနေနဲ့ အခက်အခဲများကြုံတွေ့ နေရပြီး အချို့ သော စီးပွား ရေးလုပ်ငန်းများ လုပ်ကိုင်ရာမှာလည်း လျှပ်စစ်မီးလိုအပ်ချက်က များစွာရှိ နေတယ်လို့ ၄င်းက ဆက်လက် ပြောပြခဲ့ပါတယ်။

"လျှပ်စစ်မီးပြတ်တော့ ပုဂံဒေသမှာရှိတဲ့ ဟိုတယ်တွေက ပိုဆိုးတာ ပေါ့။ ဥပမာ ဧည့်သည်က တစ်နေ့ကို ၃ ခန်း၊ ၄ ခန်း လောက်ဝင်တယ်ဆိုရင် သူတို့က ဘယ်လို ပြောရမလဲ မီးပျက်နေတဲ့အတွက် တစ်နေကုန်မီးစက် မောင်း ပေးရတာ ပေါ့။ သူတို့မှာတော်တော် လေး အခက်အခဲတွေ့တာ ပေါ့ နော်။ ရွာမှာဆိုလည်း မနူဟာဘုရားက နေ အော်လံနဲ့ လိုက်ကြေညာတယ်၊ မီးဖြတ်မယ် ဆိုပြီး ပြီးရင်ပိုက်ဆံ ကောက်မယ် ပြောတယ်။ မြင်းကပါရွာကလည်း ပုဂံ- ညောင်ဦး မြို့နယ်ထဲမှာပါပေမယ့် သူက တစ်ရွာထဲ ခွဲထွက်သလို ဖြစ်နေတာ ပေါ့။ အဲ့တော့ ဖြတ်လို့ရတယ်ဆိုပြီး မီးဖြတ်ထားသလား တော့ မသိဘူး ပေါ့ နော်။" လို့ ၄င်းက ထပ် လောင်း ပြောပြခဲ့ပါတယ်။

ယခုလျှပ်စစ်မီးများ ဖြတ် တောက်ခံထားရတဲ့ မြင်းကပါ ကျေးရွာဟာ အိမ်ထောင်စုထောင်ချီရှိတဲ့ ရွာကြီးတစ်ရွာ ဖြစ်တယ်လို့လည်းဒေသခံတွေက ဆိုပါတယ်။

"လျှပ်စစ်မီး တွေပြတ်နေလို့ မီးစက် တွေဝယ်ကြတယ်။ ပုဂံမြို့ ပေါ်ဆိုရင် ပစ္စည်း တောင်ပြတ်သွားတယ်၊ ဝယ်ကြတာ တချို့မဖြစ်မနေ အလုပ်လုပ်ရမယ့်သူ တွေက ဝယ်ကြရတာ ပေါ့။ အရင်ကဆိုရင် ကျမတို့အိမ်က တစ်ရွာလုံးကို ရေအလကား ပေးတာ လေ၊ သောက်သုံးရေပေါ့။ အခုကျ တော့ မ ပေးနိုင် တော့ဘူး။ ရေတစ်ဘူးကို ၅၀ နဲ့ ပြန်ရောင်းရတယ်၊ ချိုးရေကတော့ မြစ်ဆိပ်နဲ့နီးလို့ အဆင်ပြေတယ်ဘဲထားအုံး၊ သောက်ရေကျတော့ရှားသွားတာ ပေါ့။ တချို့ဆို ဖုန်းအားသွင်းဖို့ မီးစက်ရှိတဲ့ အိမ်တွေမှာ တစ်နာရီကို ၂၀၀ နဲ့အားသွင်းရတယ်။ ၅၀၀ နဲ့အားသွင်းရတယ်၊ အစားစား ပေါ့ တော်တော် လေးအခက်အခဲဖြစ်သွားတာ ပါ။"လို့ သူက ဆက် ပြောပြခဲ့ပါတယ်။

အခုလို ပုဂံ - ညောင်ဦး ဒေသမှာ လျှပ်စစ်မီးများ မကြာခဏ ဆိုသလို ပြတ်တောက် နေရတာဟာ မည်သည့် အ ကြောင်း ကြောင့်ဖြစ်သည်ကို ယခုအထိတိတိကျကျ မသိရသေးဘူးလိုလည်း အဆိုပါ ဒေသခံတွေက ရန်ကုန်တိုင်းမ်ကို ပြောပြခဲ့ပါတယ်။

ymg/kg
#Yangon_Media_Group