#LocalHealth
Published - 20 Jan 2022

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေ ယခုလ ၁၇ ရက်နေ့အထိ ရက် ၂၀ အတွင်း အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ ၁၁၈ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပထမအကြိမ်တွေ့ရှိမှုအနေနဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ယူအေအီးနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသား ၄ ဦးမှာ စတင်တွေ့ရှိတာဖြစ်ပြီး ဇန်နဝါရီ ၇ ရက်နေ့က ဒုတိယအကြိမ် မြန်မာနိုင်ငံသား ၁၁ ဦးနဲ့ နိုင်ငံခြားသား ၁ ဦး စုစုပေါင်း ၁၂ ဦး တို့ထံမှ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

တတိယအကြိမ်အဖြစ် အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသား ၃ ဦးကို ဇန်နဝါရီ ၉ ရက်နေ့မှာ တွေ့ရှိခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်နေ့မှာ အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၂ ဦးနဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က မြန်မာနိုင်ငံသား ၄၀ ဦးနဲ့ နိုင်ငံခြားသား ၂ ဦး၊ စုစုပေါင်း ၄၂ ဦးအပြင် နောက်ထပ် အဲ့နေ့မှာပင် ဖိလစ်ပိုင်နိုင်ငံမှ နိုင်ငံခြားသား ၃ ဦး၊ မလေးရှားနိုင်ငံမှ နိုင်ငံခြားသား ၁ ဦးတို့ဆီက တွေ့ရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၁၄ရက်မှာ မြန်မာနိုင်ငံသား ၅ ဦး၊ နိုင်ငံခြားသား ၃ ဦးနဲ့ မြန်မာနိုင်ငံသား အတည်ပြုလူနာနဲ့ ထိတွေ့ မိသားစုဝင် ၂ ဦး ပေါင်း ၁၀ ဦးတို့မှာ တွေ့ရှိခဲ့ပြီး ဇန်နဝါရီလ ၁၇ ရက်နေ့က ပြန်လည်ဝင်ရောက်လာသူ ၃၆ ဦး၊ နိုင်ငံခြားသား ၆ ဦး စုစုပေါင်း ၄၂ ဦး တို့ထံက တွေ့ရှိခဲ့ပါတယ်။

ပြည်ပနိုင်ငံတွေကနေ ပြန်လည်ဝင်ရောက်သူတွေဆီကနေ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အခုလက်ရှိ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ယူအေအီးနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့မှ ပြန်လည်ဝင်ရောက်လာသူတွေထံက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှ ပြန်လာသူ ၆၇ ဦးအထိ တွေ့မှု အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးအဖြစ် မလေးရှာနိုင်ငံမှ ၁၉ ဦး နဲ့ ယူအေအီး နိုင်ငံမှ ၁၇ ဦးနဲ့ တတိယအများဆုံး တွေ့ရှိခဲ့ကာ ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်းနိုင်ငံမှ ပြန်လာသူ ၆ ဦးစီရှိပြီး စင်္ကာပူနိုင်ငံမှ ပြန်လာသူ တစ်ဦး တွေ့ရှိထားတယ်လို့ သိရပါတယ်။

ymg/ei
photo - Internet