#LocalNews
Published 20 Jan 2022
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ငွေကျပ်သိန်း ၂၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ကသိရပါတယ်။
ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ၁နာရီကျော်ခန့် အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ မအူကုန်းလမ်းကျယ်ထိပ်တွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် စက်ရုံလမ်းဘက်မှ ဗညားဒလလမ်းဘက်သို့ ကျော်စိုးလှိုင် မောင်းနှင်ပြီး ဖြိုးမင်းကျော်(ခ)ကိုဖြိုး လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၃၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ကျော်စိုးလှိုင်(၄၄)နှစ် နှင့် ဖြိုးမင်းကျော်(ခ) ကိုဖြိုး(၃၆)နှစ် တို့အား တာမွေမြို့မရဲစခန်းတွင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm