#LocalNews

Published - 18 Jan 2022

 

ယနေ့ကာလတွင် စားဝတ်နေရေးအခက်အခဲများကြောင့် လူအများစုက ကိုဗစ်ရောဂါ ကာကွယ်မှုအပိုင်းမှာ စိတ်ဝင်စားမှုတွေ အားနည်းလာကြတယ်လို့ ကိုဗစ်အရေးကူညီဆောင်ရွက်သူများက ပြောပါတယ်။

 

"လူတွေက ပေါ့လာကြတယ်ဆိုတာကလည်း ပြောရရင် လူတွေက ဒီအရေးထက် ဝမ်းရေးခက်နေကြတာပေါ့။ ကုန် စျေးနှုန်းတွေကလည်း မြင့်လာတယ်။ ဥပမာ ဆိုကြပါစို့ ဒေါ်လာစျေးမြင့်တာနဲ့ အကုန်လိုက်မြင့်လာတာပဲလေ။ ဥပမာ မိသားစု ၃ ယောက်အပြင်မှာအလုပ်ထွက်လုပ်လိုရှိရင်တောင် သူတို့ရတဲ့ဟာနဲ့က စားမလောက်ဘူး။ အဲ့လိုတွေဖြစ် နေကြတာ၊သူတို့ကို စိတ်ဖိအား သိပ်ပြီးပေးလို့လည်းမရဘူးလေ။ အလုပ်ကလည်း နေ့တိုင်းမရ၊ အဲ့လိုလေးတွေရှိလာတော့ လူတွေကစားဝတ်နေရေးကိုပဲ ဦးစားပေးနေရတာပေါ့။ ရောဂါကဖြစ်ခါမှဖြစ် ရောဂါဆိုပြီး စိတ်ထဲသိပ်မထည့်ထားနိုင်တဲ့ ပုံစံမျိုးတွေဖြစ်နေကြတာပေါ့ ။" လို့ ကိုဗစ်အရေးကူညီဆောင်ရွက်သူ ပရဟိတသမားတစ်ဦးက ရန်ကုန်တိုင်းမ်ကို အခုလို ပြောပြခဲ့ပါတယ်။

 

ထို့ကြောင့်လည်း အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမှကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအခြေခံ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာကြဖို့နဲ့ သံသယရောဂါ လက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။

 

ဒါ့အပြင် အလှည့်ကျရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု မပျက်မကွက် အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ဆောင်ပေးခြင်း စသည်တို့ကို မမေ့မလျော့သတိပြု၍ ဆောင်ရွက်ကြစေလိုတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

 

"အတတ်နိုင်ဆုံး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်းနေရင်တော့ အကောင်းဆုံးပေါ့။ လက်ဆေးမယ်၊လူခွဲနေမယ်၊ တော်ရုံတန်ရုံကိစ္စမရှိရင် အပြင်မထွက်ဘူးပေါ့။ ဒါပေမယ့်အခုက အားလုံးသိတဲ့အတိုင်းပါဘဲ။ အားလုံးက မဖြစ်မနေထွက်နေရတာပေါ့။ အဲ့ဒါလေးတွေတော့ရှိတာပေါ့။ သို့သော်လည်း ရောဂါကာကွယ်ထိန်းချုပ်ရေးကို နိုင်ငံ တော်အနေနဲ့ ကြပ်ကြပ်မတ်မတ် လုပ်ပေးနိုင်ရင်တော့မဆိုးဘူးပေါ့ ။" လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းများအရ ယနေ့(ဇန်နဝါရီ ၁၈)ရက်အထိ မြန်မာ
နိုင်ငံမှာ အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၁၈ ဦးအထိ တွေ့ရှိထားတာလည်း ဖြစ်ပါတယ်။

 

YMG/kg
#Yangon_Media_Group