Published 16 January 2022

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင်  နိုင်ငံတကာအဆင့်မီ ငါးလေလံဈေးနှင့် စက်မှုစီမံကိန်းတွေကို ပုဂ္ဂလိကတိုင်းရင်းသား လုပ်ငန်းရှင်တွေက တည်ဆောက်ဖို့ စီစဉ်နေကြောင်းသိရှိရပါတယ်။

အဲဒီစီမံကိန်းကို မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအနီး ကျောက်ဖျာမြစ်ကမ်းနဘေးတွင်တည်ဆောက်သွားမှာဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရကနေတစ်ဆင့်  ခွင့်ပြုချက်တောင်းခံခဲ့တာဖြစ်ပါတယ်။

သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာနတွေအနေနှင့် သဘောထားမှတ်ချက်တွေပေးပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီ၁၅ရက်၊စနေနေ့က နစကဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် မြိတ်မြို့ကိုရောက်ရှိစဉ်မှာ အဲဒီစီမံကိန်းတွေနှင့်ပတ်သက်ပြီး အဆိုပြုထားတဲ့ မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလိမိတက်အပါအဝင် ရင်းနှီးမြှပ်နှံမယ့်လုပ်ငန်းရှင်တွေက ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီစီမံကိန်းကို နိုင်ငံတော်က ခွင့်ပြုပေးပြီးဖြစ်တယ်လို့ နစကဥက္ကဋ္ဌကအတည်ပြုပြောကြားခဲ့ပါတယ်။

 အဲဒီအပြင် ပထမဆင့် အနေနှင့် ငါးလေလံဈေးကို ဦးစားပေးတည်ဆောက်ဖို့ကိုလည်း သူက ဆက်လက်တိုက်တွန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ဒါပေမယ့် တနင်္သာရီတိုင်းဒေသကြီးဟာ ဆန်ဖူလုံမှုမရှိတဲ့ဒေသဖြစ်တဲ့အတွက် စီမံကိန်းတွေဆောင်ရွက်ရာမှာ လယ်မြေတွေကို အသုံးမပြုဖို့နှင့်မြေကိုအကျိုးရှိရှိအသုံးချဖို့လိုတယ်လို့လည်း သူကဖြည့်စွက် ပြောပါတယ်။

 မြိတ်မြို့ရဲ့ နိုင်ငံတကာအဆင့်မီ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းကို (၇)နှစ်တာကာလအတွင်း အဆင့်(၄)ဆင့်ဖြင့် အကောင်အထည်ဖော်မယ်လို့ အဆိုပြုတဲ့လုပ်ငန်းရှင်တွေဖက်က တင်ပြထားပါတယ်။ပထမအဆင့်ကနေ တတိယ အဆင့်အထိက တစ်ဆင့်စီကို(၂)နှစ်လျာထားပြီး နောက်ဆုံးအဆင့်ကို(၁)နှစ်လျာထားကာ ၂၀၂၈ကို အပြီးအစီးဆောင်ရွက်ဖို့ အဆိုပြုတင်ပြခဲ့ကြတယ်လို့ လုပ်ငန်းရှင်များနှင့်ဆက်စပ်တဲ့ သတင်းအရင်းအမြစ်များကနေ သိရှိရပါတယ်။

 \ပထမအဆင့်အနေနှင့် ၆၆၆ဧကမှာ ဆိပ်ခံတံတားတွေတည်ဆောက်ဖို့အစီအစဉ်ရှိပြီး ကမ်းဝေးကမ်းနီးငါးဖမ်းလှေတွေ ဆိုက်ကပ် ကုန်တွေအတင်အချလုပ်ကြဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ကမ်းဝေးနှင့်ကမ်းနီးလှေပေါင်းနှစ်ထောင် ကျော်လောက်ဆိုက်ကပ်နိုင်မယ့် ဆိပ်ခံတံတားအရေအတွက်ဖြစ်တယ်လို့ဆိုပါတယ်။

 ကျန်တဲ့အဆင့်တွေမှာတော့ ငါးလေလံဈေးတွေနှင့် ငါးပြုပြင်ထုတ်လုပ်ရေးစက်ရုံတွေနှင့်ရေလုပ်ငန်းနှင့်ဆက်စပ်တဲ့ အခြားစက်ရုံတွေပါတဲ့ စက်မှုဇုန်ကိုတည်ဆောက်မယ်ဆိုတာတင်ပြထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်မီဒီယာကိုပြောပါတယ်။

 “အဲဒီစက်မှုဇုန်တွေမှာ ရေထွက်ပစ္စည်းပြုပြင်ထုတ်လုပ်ရေးစက်ရုံတွေအပြင် ရေထွက်ပစ္စည်းနှင့်ဆက်စပ်တဲ့ အရောင်းဆိုင်တွေလည်းပါဝင်ပါမယ်။အဲဒီဆိုင်တွေက တစ်နေရာတည်းကနေ အကုန်ရနိုင်မယ့် One Stop Shops တွေသဘောပါပဲ။ဥပမာ ငါးဖမ်းပို့ ငါးဖမ်းပိုက်တွေလိုမျိုးကအစ ရနိုင်တာမျိုးပေါ့” လို့ အဆိုပါတာဝန်ရှိသူက ပြောပါတယ်။

 လက်ရှိမှာ ရေထွက်ပစ္စည်းဈေးကွက်ဟာ ကပ်လျက်နယ်စပ်က ထိုင်းနိုင်ငံ ရနောင်းမြို့မှာ တည်ရှိနေတာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီစီမံကိန်းကြီး တည်ဆောက်အကောင်အထည်ဖော်ပြီး ဈေးကွက်ကိုပြည်တွင်းထဲရွှေ့ယူဖို့ ဒေသခံလုပ်ငန်းရှင်တွေက ရည်ရွယ်ထားကြတာပါ။

 လက်ရှိမှာ မြန်မာနိုင်ငံကရွှေ့ပြောင်းလုပ်သားအတော်များများဟာ ထိုင်းနိုင်ငံနယ်စပ်တွေက ရေထွက်ကုန်ပစ္စည်းပြုပြင်ထုတ်လုပ်တဲ့စက်ရုံတွေနှင့်လုပ်ငန်းတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြရတာပါ။

 “ ဒီမှာ ဈေးကွက်ရွှေ့နိုင်ရင် အဲဒီကျွမ်းကျင်ရွှေ့ပြောင်းအလုပ်သမားတွေ ကိုယ့်နိုင်ငံမှာပဲ အလုပ်လုပ်လို့ရလာမယ်။ ဒေသခံတွေအတွက်ပါ အလုပ်အကိုင်အခွင့်အလမ်းဖြစ်လာမယ်” လို့ ရေထွက်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

“အဲဒီအပြင် ရေထွက်ပစ္စည်းတွေကို အကြမ်းထည်တင်ပို့ခဲ့ရာကနေ ပြုပြင်ထုတ်လုပ်တဲ့ ကုန်ချောတွေကို ထုတ်လုပ်နိုင်ပြီး နိုင်ငံတကာကိုတင်ပို့နိုင်တဲ့ အခွင့်အရေးတွေလည်းရရှိလာမှာပါ” လို့ သူကဖြည့်စွက်ပြောပါတယ်။

 ဒါပေမယ့် ဒီစီမံကိန်းကို ယခုထက်ထိ အကောင်အထည်မဖော်နိုင်ခဲ့တာက လျှပ်စစ်မီးအခက်အခဲကြောင့်ဖြစ်ပါတယ်။ လက်ရှိမှာ မီးစက်နှင့်မောင်းပြီးလျှပ်စစ်ကိုသုံးနေရတဲ့ အတွက် ကုန်ကျစရိတ်တွေများပြီး ရနောင်းဘက်နှင့် ဘယ်လိုမှ ယှဉ်မရဖြစ်နေခဲ့ကြရပါတယ်။ အဲဒါကြောင့် လက်ရှိတိုးချဲ့ တည်ဆောက်နေတဲ့ မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်ဓာတ်အားတွေ ဒီစီမံကိန်းအမီ ရရှိနိုင်ဖို့ ရင်းနှီးမြှပ်နှံသူတွေက လိုလားနေကြပါတယ်။ နစကဥက္ကဋ္ဌကတော့ တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်နိုင်ရေး ကြိုးပမ်း‌ ဆောင်ရွက်ဖို့လိုတယ်လို့ ယခုခရီးစဉ်အတွင်းပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

 မြိတ်မြို့ရဲ့ နိုင်ငံတကာအဆင့်မီငါးလေလံဈေးနှင့်စက်မှုဇုန်စီမံကိန်းကြီးဟာ ခန့်မှန်းကုန်ကျငွေ ကျပ်ဘီလီယံ ၅၀၀( အမေရိကန်ဒေါ်လာ သန်း၃၀၀)အကုန်အကျခံတည်ဆောက်မယ့် စီမံကိန်းအကြီးစားတစ်ခုဖြစ်ပြီး ရေထွက်လုပ်ငန်းကို ဆယ်စုနှစ်များစွာလုပ်ကိုင်လာခဲ့ကြတဲ့ အတွေ့အကြံရှိ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်တွေက စုပေါင်းရင်းနှီးမြှပ်နှံ ကြတာဖြစ်ကြောင်းသိရှိရပါတယ်။

#YangonMediaGroup