#Localpolitics

Published- 15 Jan 2022

 

မြန်မာနိုင်ငံရဲ့ အနာဂတ်အလားအလာမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အာမခံတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ခေါင်းဆောင် ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။

 

ဇန်နဝါရီလ ၁၄ ရက်နေ့မှာကျင်းပတဲ့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ၁၁ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှာ နစက ကကျင်းပပေးမယ့်ရွေးကောက်ပွဲနဲ့ နိုင်ငံရဲ့ အနာဂတ်အလားအလာတွေကို ဗိုလ်ချုပ်ဇော်မင်းထွန်းက အာမခံချက်တွေနဲ့ ကတိကဝတ်ပြုပြောကြားသွားခဲ့ပါတယ်။

 

"နိုင်ငံရေးပါတီများ တိုင်းရင်းသားပါတီများ EAO အဖွဲ့များကိုပြောနိုင်တာကတော့ နံပါတ် ၁ အချက်အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ကျွန်တော်တို့ပြန်လုပ်ပေးမယ်။နံပါတ် ၂ အချက်ကတော့ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်ကို ကျွန်တော်တို့အာမခံတယ်။ ဒီမိုကရေစီကိုတော့ ကျွန်တော်မရှင်းတော့ဘူး။ကျွန်တော်တို့ ယူဆထားတဲ့ဖက်ဒရယ်ကိုပြောမယ်။

 

နိုင်ငံတော်ဝန်ကြီးချုပ်က ၂၁ ရာစုပင်လုံမှာပြောခဲ့ပြီးသားဖြစ်တယ်။ ဖက်ဒရယ်ဆိုတာ မတူကွဲပြားနေတဲ့ တိုင်းဒေသများ ပြည်နယ်များ လူမျိုးများလူမျိုးစုများကို လုပ်ကိုင်ခွင့်များကို ခွဲဝေကျင့်သုံးတဲ့အယူအဆသဘောတရားလို့ ပြောပါတယ်။ဒါကြောင့် ဖက်ဒရယ်ကို ကျွန်တော်တို့ယူဆထားတာ ပေါင်းစည်းနေထိုင်ခြင်း မျှဝေခံစားခြင်းလို့ ယူဆပါတယ် ဒါကတော့ နံပါတ်၂ ကျွန်တော်တို့ပေးနိုင်တဲ့ဂတိပါ"လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

 


ဒါ့အပြင် နိုင်ငံရေးပါတီများနဲ့ တိုင်ရင်းသားပါတီတွေဟာ ၎င်းတို့ကိုထောက်ခံတဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ပါတီတွေဖြစ်ပြီး မတူကွဲပြားတဲ့ ထောက်ခံမှုတွေရှိတာကြောင့် သက်ဆိုင်ရာပါတီအလိုက်မူဝါဒရေးရာ၊လူမျိုးရေးရာ အလိုက်ထောက်ခံအားပေးမှုတွေရှိတာကြောင့် အချို့ကျကိုယ်စားပြုစနစ် PR စနစ်ကိုဆောင်ရွက်မှာဖြစ်တယ်လို့ အာမခံပြောကြားပါတယ်။

 

ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဒီမိုကရေစီရဲ့အနှစ်သာရကို ပိုမိုခံစားရရှိနိုင်ဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေက ရွေးချယ်ခန့်ထားနိုင်ဖို့ တပ်မတော်ကလိုလားပြီး ထိုသို့ရွေးချယ်ခန့်ထားနိုင်ရေးကိုကတိပြုတယ်လို့ ပြောဆိုပါတယ်။

 

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သတ်ပြီး တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရဲ့စီမံခန့်ခွဲမှုကို ပြင်ဆင်တိုးချဲ့ပေးခဲ့ပြီး နောက်ထပ်လိုအပ်ပါက ဆက်လက်ပြင်ဆင်ဆောင်ရွက်ပေးရေးကတိပြုတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီး လမ်းဖွင့်ထားကာ တိုင်းရင်းသားနဲ့ လက်နက်ကိုင်အဖွဲ့များကိုလက်တွေ့ဆောင်ရွက်နိုင်တဲ့ ကတိကဝတ်ပြုတာဖြစ်တယ်လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

 

YMG/hm
#Yangon_Media_Group