Published - 14 Jan 2022
၂၀၂၀ ရွေးကောက်ပွဲကိစ္စနှင့်ပတ်သတ်ပြီး ယခင်ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များအပါအဝင် လူဦးရေ ၂,၉၀၀ နီးပါးကို အမှုဖွင့်အရေးယူထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ဒီကနေ့( ဇန်နဝါရီ ၁၄)ရက်တွင် နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ နစက၏ (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
ရွေးကောက်ပွဲလုပ်ငန်းစဥ်များ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုတို့တွင် ပါဝင်ပတ်သက်ဆောင်ရွက်သူများကို ဥပဒေနှင့်အညီ အ ရေးယူဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များနှင့်ပတ်သက်လို့ ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားရာမှာ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်ပြီး ယနေ့ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်များအရ ယခင်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသ ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မြိုနယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ စုစုပေါင်း ၂,၄၈၃ ဦးကို အရေးယူခဲ့ထားတယ်လို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ယခင်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌနှင့်အဖွဲ့ဝင်များ ယခင်တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီအောင်နိုင်ရေးအဖွဲ့များ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ စုစုပေါင်း ၄၂၂ ဦးကိုလည်း အရေးယူထားရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့သည့် ၂၀၂၀ အ ထွေ ထွေ ရွေး ကောက်ပွဲတွင် ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဖြစ်ပွားခဲ့တဲ့အမှုများက အမှုပေါင်း ၁,၀၇၇ မှုရှိခဲ့ပြီး ရွေးကောက်ပွဲ ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့မှု ၅၄၆ မှု၊ တရားစွဲတင်ခဲ့သည့် အမှု ၃၄၂ မှု၊ ပိတ်သိမ်းခဲ့သည့် အမှု ၁၉၄ အမှုနှင့် ဥပဒေအကြံတောင်းထားမှုက ၁၀ မှုအထိရှိတယ်လို့ UEC အဖွဲ့ဝင် ဦးခင်မောင်ဦးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ymg/kg