#LocalNews

#Published- 14Jan 2022

 

ကယားပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ကိုတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်အိမ်ထောင်စု ၂၀၀ ကျော်အတွက် လိုအပ်တဲ့တစ်ကိုယ်ရေသုံးပစ္စည်တွေကို ရှမ်းပြည်နယ်ကြက်ခြေနီအဖွဲ့က သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

 

ရှမ်းပြည်နယ်( တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်တွင် ရောက်ရှိနေသော တိုက်ပွဲရှောင်အိမ်ထောင်စု (၂၁၀) စုအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ စောင်များ၊ခြင်ထောင်များ၊ လက်သန့်ဆေးများ၊ အမျိုးသမီးသုံးပစ္စည်းများ၊ mask များကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးညီညီ၊ ပြည်နယ်တပ်ဖွဲ့မှူး ဦးအေးချမ်း၊ အထောက်အကူပြုအရာရှိ ဦးမောင်ကျော်မျိုး၊ ဆီဆိုင်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ရှမ်းပြည်နယ်ကြက်ခြေနီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

ဇန်နဝါရီ ၉ ရက်နေ့က လွိုင်ကော်မြို့အနီးပတ်ဝန်းကျင်တွင် လေကြောင်းပစ်ခတ်မှုတွေကြောင့် ကယားပြည်နယ်လွိုင်ကော်မြို့နှင့်အနီးတဝိုက်က ထောင်နဲ့ချီတဲ့ဒေသခံပြည်သူတွေအနေနဲ့ ရှမ်းပြည်တောင်ပိုင်းကမြို့တွေကို ထွက်ပြေးတိမ်းရှောင်လာနေတာဖြစ်တယ်လို့ သိရပါတယ်။

 

စစ်ဘေးရှောင်ပြည်သူတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ကြီး၊ အောင်ပန်း၊ ကလော၊ ညောင်ရွှေ ၊ ပင်လောင်းနဲ့ဆီဆိုင် စတဲ့မြို့တွေအပြင် စစ်ဘေးရှောင်ရာလမ်းတစ်လျှောက်က မြို့တွေမှာလည်းခိုလှုံနေရပြီး စစ်ရှောင်များအတွက် အစားအသောက်အတွက် ဒေသခံတွေထောက်ပံ့ပေးထားပြီး ရာသီဥတုကြောင့် အဝတ်အထည်နဲ့စောင်တွေ အခက်ခဲများစွာရှိနေကြောင်း စစ်ရှောင်များကိုကူညီပေးနေတဲ့ သူတွေကဆိုပါတယ်။

 

လွိုင်ကော်မြို့တွင် တပ်မတော်နဲ့ ဒေသခံလက်နက်ကိုင်တို့အကြား ပြီးခဲ့တဲ့ ဇန်နဝါရီ (၆)ရက်နေ့ကစပြီး တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီး ယခုရက်ပိုင်းမှာ တိမ်းရှောင်လာသူတွေများပြားလာတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်အသီးသီးက စစ်ဘေးရှောင်တွေကို လက်ခံကူညီနေရတာဖြစ်ပါတယ်။

 

YMG/hm

#Yangon_Media_Group