#LocalNews

Published - 14 Jan 2022

 

တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အစဉ်တစိုက် အားပေးထောက်ခံတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ပြောကြားလိုက်ပါတယ်။

 

လတ်တလောရက်ပိုင်းအတွင်းမှာ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လှူဒါန်းငွေပေးအပ်သည့်အခမ်းအနားကို နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့မှုတွေနဲ့ပတ်သက်လို့ တရုတ်သံရုံးက(ဇန်နဝါရီ ၁၃)ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

 

အဆိုပါ အလှူငွေပေးအပ်ပွဲ အခမ်းအနားများတွင် တရုတ်သံအမတ်ကြီး Mr. Chen Hai က အမှာစကားပြောကြားခဲ့ရာတွင် "တရုတ်နိုင်ငံက မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးကို အစဉ်တစိုက် ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သက်ဆိုင်သောအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းသည် ဆဋ္ဌမအကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ လှူဒါန်းမှု၏ရည်ရွယ်ချက်သည် မြန်မာနိုင်ငံတွင် ပဋိပက္ခများလျှော့ချရာတွင်ကူညီရေး၊ ပြည်သူများ လူနေမှုဘဝကောင်းမွန်လာစေရေး၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ နေရပ်စွန့်ခွာသူများ နေရာချထားရာတွင် ကူညီပေးရေးနှင့် ဒေသန္တရလူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရန်ဖြစ်ကြောင်း" ပြောကြားခဲ့တာပါ။

 

ဒါ့အပြင် သံအမတ်ကြီးက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွဆက်လက်ထိန်းသိမ်းသွားပြီး နယ်စပ်ဒေသလူမှုစီးပွားနှင့် ပြည်သူလူနေမှုဘဝတိုးတက်ရေးကို မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

 

ဆက်လက်၍ မြန်မာဘက်မှလည်း "တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အင်တိုက်အားတိုက်ထောက်ခံအားပေးကူညီမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာ-တရုတ်နယ်စပ်ဒေသတည်ငြိမ်ရေးကို အတူတကွထိန်းသိမ်းသွားလိုကြောင်း၊ တရုတ်နိုင်ငံ၏ကူညီပေးအပ်မှုကို ကောင်းမွန်စွာအသုံးချ၍ ဒေသန္တရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

 

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံအဆင့်(၃) ငြိမ်းချမ်းရေးအဖွဲ့အစည်း၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ထံသို့ တစ်နှစ်လှူဒါန်းငွေလွှဲပြောင်းပေးအပ်ခဲ့တာဖြစ်တယ်လို့ တရုတ်သံရုံးက ဆိုပါတယ်။

 

ဒါ့အပြင် အဆိုပါ အခမ်းအနားများတွင် နှစ်နိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နယ်စပ်ဒေသကပ်ရောဂါအခြေအနေ ပူးတွဲကာကွယ်ထိန်းချုပ်မှုတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့လည်း တရုတ်သံရုံး၏ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး။

 

YMG/kg

#Yangon_Media_Group