#LocalNews
Published - 14 Jan 2022
မဲခေါင်-လန်ချန်း သတင်းအချက်အလက်ဗဟိုဌာန တည်ဆောက်မှုပြီးစီးပြီဖြစ်၍ မကြာမီ ဝန်ဆောင်မှုများကို စတင် ပေးအပ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက (ဇန်နဝါရီ ၁၃)ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
၂၀၁၈ ခုနှစ်မှစ၍ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် “မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသစာရင်းဇယားများပြုစုခြင်းဖြင့် လန်ချန်း-မဲခေါင်နိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံရေး” စီမံကိန်းကို မြန်မာနိုင်ငံ၌ စတင်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါ (၃)နှစ်တာကာလအတွင်း စီမံကိန်းတွင် ပါဝင်သည့် အထပ်နှစ်ထပ်ပါရှိသော အချက်အလက်စင်တာတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး ၎င်းစင်တာသည် စိုက်ပျိုးရေးဆိုင်ရာ ဒေတာအချက်အလက်များ စုဆောင်းခြင်းနှင့် စီမံခန့်ခွဲခြင်းများအတွက် ဝန်ဆောင်မှုတွေကို ပေးအပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောင်မှာလည်း စီမံကိန်းတွင်ပါဝင်သည့် လေ့လာမွမ်းမံသင်တန်းပေးမှုများနှင့် ဆွေးနွေးနှီးနှောဖလှယ်ပွဲ စသည့်လှုပ်ရှားမှုများကို ကျင်းပ၍ စားနပ်ရိက္ခာဖူလုံရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ဒေတာအချက်အလက်စီမံခန့်ခွဲသူများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ဒေသတွင်းနိုင်ငံများအကြား စိုက်ပျိုးရေးအချက်အလက်များ ဖလှယ်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများ၏ ထုတ်လုပ်မှုမြှင့်တင်ရေးတို့ကို ဆောင်ရွက်မှာဖြစ်တယ်လို့ တရုတ်သံရုံး၏ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး။
YMG/kg
#Yangon_Media_Group