#LocalNews

Published- 12Jan 2022

 

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က ကိန်းဂဏန်းတွေအရ (ကယားမှာ ၈၇,၈၀၀၊ ကရင်မှာ ၇၄,၂၀၀၊ မွန်မှာ ၇,၂၀၀နဲ့ တနင်္သာရီမှာ ၁,၃၀၀ အပါအဝင်) မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ လူဦးရေ ၁၉၂,၃၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ တပ်မတော်နဲ့ ဒေသခံလက်နက်ကိုင်ဖွဲ့များအကြား တိုက်ပွဲတွေပြင်းထန်လာနေပြီး အဆိုပါတိုက်ပွဲတွေကြောင့် ပြည်သူ့အိုးအိမ်တွေပျက်စီးခဲ့ရကာ နိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပသို့ နေရပ်စွန့်ခွာထွက်ပြေးရမှုများ တိုးပွားလာလျက်ရှိနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကထုတ်ပြန်လိုက်ပါတယ်။

 

ထိုင်းအစိုးရကထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ လူဦးရေ ၄,၇၀၀ ကျော်ဟာ ထိုင်းနိုင်ငံအတွင်းက ယာယီစခန်းတွေမှာ နေထိုင်ရလျက်ရှိနေပြီး မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းကစပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ကိန်းဂဏန်းများအရ (စစ်ကိုင်းမှာ ၁၀၃,၂၀၀၊ မကွေးမှာ ၂၀,၁၀၀နဲ့ ချင်းမှာ ၃၃,၈၀၀ အပါအဝင်) လူဦးရေ ၁၅၇,၅၀၀ ခန့် တိုက်ပွဲရှောင်ထွက်ပြေးလာခဲ့ရပြီး သတင်းတွေအရ ခရစ်ယာန်ဘုရားကျောင်းများ၊ စာသင်ကျောင်းများအပါအဝင် အိမ်အလုံးပေါင်း ၁,၅၅၀ ကျော်ဟာ မီးလောင်ပျက်စီးဆုံးရှုံးသွားကြောင်း သိရှိရပါတယ်။

 

လုံခြုံရေးအခြေအနေ၊ စစ်ဆေးရေးဂိတ်၊ သွားလာခွင့်ပြုမိန့်ရရှိမှုမရခြင်းတို့ကြောင့် လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေအနေနဲ့ အဆိုပါနေရာတွေဆီက အကူအညီလိုအပ်နေသူများထံသို့ သွားရောက်ဖို့ ခဲယဉ်းလျက်ရှိပြီး မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ ဒီဇင်ဘာလက ကယားပြည်နယ်မှာ တိုက်ပွဲပြင်းထန်မှုကြောင့် တချို့မိတ်ဖက်တွေဟာ လုပ်ငန်းရပ်နားထားရတယ်လို့ သိရပါတယ်။

 


ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်မှာ ချင်းပြည်နယ် မင်းတပ်မြို့နယ်က နေရပ်စွန့်ခွာလာသူ ၁၀၀ ခန့်ကို နှစ်လစာ အစားအစာတွေ ပေးနိုင်ခဲ့ပေမယ့် နိုင်ငံတဝှမ်းက လူထောင်သောင်းများစွာဟာ လုံလောက်တဲ့ အစားအစာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ လိုအပ်ဆဲဟု ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

 

YMG/hm

#Yangon_Media_Group