#LocalNews

Published - 12 Jan 2022

 

မန္တလေးမြို့ ၇ မြို့နယ်အတွင်းရှိ ကျုးကျော်နေအိမ်များအား နှစ်ပတ်အတွင်းဖယ်ရှားခိုင်းလိုက်ပြီး မဖယ်ရှားပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

 

လက်ရှိမှာ မန္တလေးမြို့တွင် နေအိမ်ဖယ်ရှားခံရမည့်အိမ်ထောင်စုများ ရွှေ့ပြောင်းနိုင်ရေးအတွက် မြို့ခံပရဟိတအသင်းများက စုပေါင်း၍ ကူညီပေးနေရပြီး လက်ရှိနေအိမ်ဖယ်ရှားခံရသည့်အထဲတွင် ဘုန်းကြီးကျောင်းများနှင့် လူမှုကူညီရေးပရဟိတအသင်းရုံးအချို့ပါ ပါဝင်တယ်လို့ သိရပါတယ်။

 

"နိုင်သလောက်တော့ ကူညီပေးနေရပါတယ်။ လောလောဆယ် ကျွန်တော်တို့အသင်းရုံးပါမလွတ်လို့ လာဖျက်မယ်ဆိုလို့ အခုဖျက်နေရပါတယ်။ နောက်ပြီး ပြောင်းရွှေ့ဖို့ကလည်း ဆီစျေးအခက်အခဲကြောင့် အကုန်လုံးကို ကူညီပေးနိုင်ဖို့က အခက်ကြုံနေရပါတယ်။တချို့ကျ ၇ မိုင်တို့ ရွာတွေအထိကို ရွေ့ခိုင်းတော့ အဆင်မပြေတာတွေရှိတာပေါ့ ။ ကျွန်တော်တို့က အခမဲ့ရွေ့ပေးတာဆိုတော့ ဆီဖိုးက အခက်အခဲရှိပါတယ်။ ဒီနေရာတွေမှာနေခဲ့တာက လွန်ခဲ့တဲ့ နှစ် ၂၀ ထဲက နေထိုင်ခဲ့တာပါ။ တချို့ဆိုရင် အခိုင်အမာတွေအထိ တည် ဆောက်ထားတဲ့ဟာတွေ ပါပါတယ်။ ဘုန်းကြီးကျောင်းတွေတောင်ပါ ပါတယ်။မနေ့ကစပြီးတော့ ရွှေ့ပြောင်းနေရတာပေါ့။ တချို့တွေလည်း နေထိုင်ရေးအတွက် အတော်ဒုက္ခရောက်နေပါတယ်။ ဘယ်မှာမှ နေစရာမရှိဘူး။သူတို့က သတ်မှတ်ရက်အတွင်း ဖယ်ပေးရမှာ ပေါ့၊ မဖယ်ရင်လာဖျက်မယ် ပြောပါတယ်။"လို့ ဒေသခံပရဟိတသမားတစ်ဦးက ရန်ကုန်တိုင်းမ်ကို အခုလို ပြောပြခဲ့ပါတယ်။

 

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ ချမ်းအေးသာဇံ၊ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ အောင်မြေသာဇံ၊ မဟာအောင်မြေ၊ အမရပူရ အစရှိတဲ့မြို့နယ်တွေမှာ ကျုးကျော်နေအိမ် (၁,၀၀၀)နီးပါးခန့် ဖယ်ရှားရှင်းလင်းခံရတာဖြစ်တယ်လို့လည်း ဒေသခံများရဲ့ ပြောပြချက်အရ သိရပါတယ်။

 

မန်းတိုင်းစည်ပင်မှ ကျုးကျော်တွေအနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုဖယ်ရှားဖို့ သတင်းစာကတဆင့် ကြေညာထားသလို နောက်ဆုံးအနေနဲ့ နို့တစ်စာလည်းပိုထားကြောင်း နို့တစ်စာရရှိပြီး နေရာအနေထားကိုကြည့်၍ ၇ ရက်အတွင်းကနေ ၁၄ ရက်အတွင်းဖယ်ရှားပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် မန်းတိုင်းစည်ပင် နယ်နမိတ်အတွင်းရှိ လမ်းမြေ၊ မြောင်းမြေ၊ ရထားလမ်းမြေ၊ လျှပ်စစ်ဓာတ်အားလိုင်းနယ်မြေ၊ အစိုးရဌာနဆိုင်ရာမြေနှင့် ပုဂ္ဂလိကပိုင်မြေနေရာများတွင် ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ တရားဝင်ပိုင်ဆိုင်ခွင့်မရှိသူများမှ တရားမဝင်ကျူးကျော် နေထိုင်လျက်ရှိသူများအား ဇန်နဝါရီလအတွင်း နောက်ဆုံးဖယ်ရှားပေးရမည့် ရက်များသတ်မှတ်ပြီး သက်ဆိုင်ရာမြို့နယ်နှင့်ရပ်ကွက်များမှ အသိပေးစာများ ပေးပို့ထားတယ်လို့လည်း သိရပါတယ်။

 

Photo - CJ

YMG/kg
#Yangon_Media_Group