#Local_News
Published- 11 Jan 2022


လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ ဟိုတင့်ကျေးရွာအနီး၌ လွိုင်လင်မှ တောင်ကြီးဘက်သို့ မြင့်စိုး မောင်းနှင်ပြီး ကျော်စိုင်း(ခ)အားကျုံး လိုက်ပါလာသည့်  ISUZU ၁၂ ဘီးမော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၃၅ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

ဆက်လက်ပြီး သတင်းကွင်းဆက်အရ ည ၇ နာရီအချိန်ခန့်တွင် လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ ချိုခမ်းကျေးရွာနှင့် မိုင်းပွန်ကျေးရွာကြား၌ သက်ဇူး မောင်းနှင်ပြီး ဇေခေါင် လိုက်ပါလာသည့် ISUZU ၁၂ ဘီး မော်တော်ယာဉ်အား ဆက်လက်ရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀၃ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

စစ်ဆေးဖော်ထုတ်ချက်များအရ ည ၈ နာရီအချိန်ခန့်တွင် မူးယစ်ဆေးဝါးများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ကိုအောင်(ခ)နော်တောင် နှင့် မာလ(ခ)ရှရွယ် တို့အား လွိုင်လင်မြို့အဝင် တိုးဂိတ်အနီး၌ HIJET မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁,၂၃၈ ကီလို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား တန့်ယန်းမြို့နယ်၊ မိုင်းကောင်မှ တောင်ကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့ ၆ ဦးအား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။


ymg/hm


#Yangon_Media_Group