#LocalNews
Published- 10 Jan 2022


မြန်မာနိုင်ငံအတွင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဒိန်းမတ်နိုင်ငံကပေးအပ်တဲ့လှူဒါန်းငွေ ဒိန်းမတ် ခရိုနာ ၂၅ သန်း (အမေရိကန်ဒေါ်လာ ၃.၈ သန်း) ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လက်ခံရထားပြီးCOVID-19 ကပ်ရောဂါရဲ့ လူမှုစီးပွားအကျိုးသက်ရောက်မှုအပြင်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အလွန်ကာလတွေမှာ မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လွန်စွာလိုအပ်လျက်ရှိတယ်လို့ ကုလသမဂ္ဂကထုတ်ပြန်လိုက်ပါတယ်။

ဒိန်းမတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုသည် ကချင်၊ ချင်း၊ ရခိုင် နှင့် ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်းဒေသကြီး အသီးသီးတွင် ပဋိပက္ခဒဏ် ထိခိုက်ခံစားကြရသော နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူ လူဦးရေပေါင်း ၃၆၀,၀၀၀ ခန့်နှင့် အခြားထိခိုက်လွယ်သော မိသားစုဝင်များကို လစဉ် အသက်ကယ်ဆယ်ရေးအကူအညီများ ပေးအပ်ရာတွင် များစွာအထောက်အပံ့ဖြစ်စေမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

"မြန်မာနိုင်ငံက ပြည်သူတွေ အကူအညီအလိုအပ်ဆုံးအချိန်မှာ WFP ရဲ့ အရေးကြီးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ ပေးရေးလုပ်ငန်းတွေမှာ ပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ အလွန်ပဲဝမ်းမြောက်မိပါတယ်။ ကံအားလျော်စွာပဲ လိုအပ်ချက်တွေ ပိုမိုများပြားလာပေမယ့် ဒိန်းမတ်နိုင်ငံရဲ့ အထောက်အပံ့ဟာ တကယ့်ကိုလိုအပ်‌နေတဲ့လူတွေကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးရဲ့ သံရုံးအကြီးအကဲ Mr Anders Graugaard က ပြောပါတယ်။

၂၀၂၂ ခုနှစ်အတွင်း အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အလို့ ငှာ အကျိုးခံစားခွင့်ရရှိသူများသည် နေ့စဉ်ကယ်လိုရီလိုအပ်ချက်နှင့် ကိုက်ညီသော ဆန်၊ ပဲ၊ ဆီနှင့် ဆား ပါရှိတဲ့ အခြေခံစားသောက်ကုန်ပစ္စည်းများ သို့မဟုတ် အဆိုပါ အခြေခံစားသောက်ကုန်များကို ဒေသတွင်းစျေးဆိုင်များတွင်ဝယ်ယူနိုင်မယ့် ငွေသားအထောက်အပံ့များပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒိန်းမတ်နိုင်ငံကပေးအပ်တဲ့ ဘဏ္ဍာငွေပံ့ပိုးကူညီမှုဟာ အခုလို လိုအပ်ချက်တွေမြင့်တက်လာတဲ့အခိုက် အချိန်ကိုက်ရောက်ရှိလာတဲ့အတွက် WFP ရဲ့ မြန်မာနိုင်ငံအတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အထောက်အကူအများကြီးဖြစ်စေပါတယ်” လို့ WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Stephen Anderson က ပြောပါတယ်။

WFP အနေနဲ့ နယ်စပ်ဒေသများရှိ ထိခိုက်လွယ်သူများကို ပုံမှန်အထောက်အပံ့များဆက်လက်ပေးအပ်လျက်ရှိသလို၊ သွား‌ရောက်ရန်ခက်ခဲသောနေရာများဖြစ်သည့် ချင်းပြည်နယ် မင်းတပ်မြို့ နှင့် မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့ နယ်တို့ ရှိ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့သူများအား လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာအထောက်အပံ့များ ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ymg/hm

#Yangon_Media_Group