#Local_News
Published - 10 Jan 2022
ဒေါ်အောင်ဆန်းစုကြည် ကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ၊ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေတို့ အတွက် ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ထောင်ဒဏ် များ ထပ်မံချမှတ်လိုက်ကြောင်း သိရသည်။
ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အတွက် ၂ နှစ် ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအတွက် ထောင်ဒဏ် ၂ နှစ်၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့် ထောင်ဒဏ် ၁ နှစ် စုစုပေါင်း ၅ နှစ် ချမှတ်ခံရခြင်း ဖြစ်သော်လည်း ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အတွက် နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အတွက် တစ်ပေါင်းတည်း ကျခံရမည် ဖြစ်သောကြောင့် စုစုပေါင်း ၄ နှစ် ဖြစ်ကြောင်း သိရသည်။
"ပို့ကုန်သွင်းကုန်ဥပဒေပါ ပုဒ်မအတွက် ထောင်ဒဏ် ၂ နှစ်နဲ့ ဆက်သွယ်ရေးဥပဒေပါ ပုဒ်မအတွက် ထောင် ၁ နှစ်ချမှတ်ခံလိုက်တယ်။ဒီနှစ်ခုကို တစ်ပေါင်းတည်းချမှတ်တာကြောင့် ပြစ်ဒဏ်က ၂ နှစ် ဖြစ်တယ်။သဘာဝဘေး ဥပဒေက ၂ နှစ် ဆိုတော့ စုစုပေါင်း ၄ နှစ် ပေါ့"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ယင်းတွင် ပို့ကုန်သွင်းကုန်ဥပဒေ နှင့် ဆက်သွယ်ရေးဥပဒေတို့မှာ ၂၀၂၁ ခု နှစ် ဖေဖော်ဝါရီ တစ်ရက်က ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် စကားပြောစက်များ တွေ့သည်ဆိုကာ ဖွင့်ခဲ့သော အမှုများ ဖြစ်ကြပြီး သဘာဝဘေး စီမံဥပဒေပုဒ်မ မှာ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲဆွယ်ကာလမှာ နေပြည်တော် ရွှေကြာပင်ရပ်ကွက်သို့ သွားခဲ့ခြင်းမှာ ကိုဗစ်စည်းကမ်းကို ချိုးဖောက်ရာ ရောက်သောကြောင့်ဟု ဖွင့်ခံရသည့် အမှုတို့ ဖြစ်ကြသည်။
ymg/mt
#Yangon_Media_Group