#LocalNews  

Published - 9 Jan 2022

တရုတ်-မြန်မာ ချစ်ကြည်ရေး၏ ပြယုဂ်တစ်ခုဖြစ်သည့် ပုဂံ​ဒေသရှိ ချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း စတင်ဆောင်ရွက်ခြင်းအခမ်းအနားကို ဒီက​နေ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ ပုဂံမြို့မှာ ကျင်းပခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှာ ဝန်ကြီးချုပ်ချူအင်လိုင်းသည် ပုဂံသို့လာရောက်ခဲ့ပြီး ရွှေစည်းခုံစေတီတော်အတွက် လှူဒါန်းငွေ ထည့်ဝင်ခဲ့ကာ မြန်မာနိုင်ငံကမိတ်ဆွေက ထိုလှူဒါန်းငွေဖြင့် စေတီဘေး၌ ပြည်သူများနားနေရန်အတွက် ဤတန်ဆောင်းကို တည်ဆောက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

"ချူအင်လိုင်းတန်ဆောင်း" ဟာ တရုတ်-မြန်မာချစ်ကြည်ရေး၏ ပြယုဂ်ဖြစ်ပြီး ရာစုနှစ်ထက်ဝက်ကျော် ဖြတ်သန်းခဲ့ကာ ယ​နေ့အချိန်မှာ​တော့ မြန်မာပြည်သူများ ပိုမိုအဆင်ပြေချောမွေ့ စွာ နားနေနိုင်ရန်အတွက် တရုတ်-မြန်မာချစ်ကြည်ရေး အမွေဆက်ခံနိုင်ရေး အခန်းကဏ္ဍကိုဖော်ဆောင်ခြင်း ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ​ပြောပါတယ်။

ဒါ့အပြင် ယ​နေ့ အခမ်းအနားမှာ "စီမံကိန်းတရားဝင် စတင်ဆောင်ရွက်ခြင်းအား ဂုဏ်ပြု​ကြောင်း" ကိုလည်း သံအမတ်ကြီးက ​ဆိုပါတယ်။ "ယ​နေ့ဟာ ဝန်ကြီးချုပ်ချူအင်လိုင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ၆၁ နှစ်မြောက် အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ချူအင်လိုင်း ကွယ်လွန်သည့် ၄၆ နှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ချူအင်လိုင်းသည် သက်ရှိထင်ရှားရှိစဉ်က မြန်မာနိုင်ငံသို့ (၉)ကြိမ် လာရောက်ခဲ့ပြီး တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးအတွက် ဖျောက်ဖျက်၍မရသည့် အကျိုးဆောင်မှုများ ပြုလုပ်ခဲ့ပါတယ်။"လို့ သံအမတ်ကြီး Mr. Chen Hai က ​ပြောကြားခဲ့တာပါ။ ဆက်လက်၍ သံအမတ်ကြီးက "ချူအင်လိုင်းတန်ဆောင်း"ကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရွှေစည်းခုံစေတီတော်ဂေါပကအဖွဲ့တို့က ဆွေးနွေးညှိနှိုင်းပြီးနောက် တန်ဆောင်းကိုပြုပြင်မွမ်းမံပြီး ပြည်သူများအသုံးပြုနိုင်ရန်အတွက် ဖွင့်လှစ်ခဲ့ကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးနှင့်အတူ ချူအင်လိုင်းတန်ဆောင်းမှတစ်ဆင့် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန် ဉာဏ်ပညာနှင့် ခွန်အားများ ရယူပြီး တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်း အတူတည်ဆောက်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားရန် ဆန္ဒရှိတယ်လို့လည်း ယ​နေ့ စီမံကိန်းစတင်ခြင်းအခမ်းအနားမှာ ထည့်သွင်း ​ပြောကြားခဲ့ပါတယ်။

ထို့​နောက် မြန်မာနိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက "ချူအင်လိုင်းတန်ဆောင်းသည် မြန်မာ-တရုတ် အစဉ်အလာချစ်ကြည်ရေး၏ သင်္ကေတဖြစ်ပါတယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူအချင်းချင်း “ဆွေမျိုးပေါက်ဖော်” ဟု ခေါ်ဆိုကြပါတယ်။ ဒါသည် နှစ်နိုင်ငံပြည်သူတို့ရဲ့ နီးကပ်သော ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးကို ဖော်ညွှန်းနေတာပါ။ ၁၉၆၁ ခုနှစ်က ဝန်ကြီးချုပ်ချူအင်လိုင်းမှ တန်ဆောင်းတည်ဆောက်ရန်အတွက် လှူဒါန်းခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံသည် နယ်ပယ်အသီးသီး၌ နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုကို ရေရှည်ထိန်းသိမ်းထားလျက်ရှိပြီး ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး အဆက်မပြတ် တိုးတက်လျက်ရှိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

 

ယ​နေ့ အခမ်းအနားတွင် သံမှူး Mr. Yang Shouzheng ကလည်း တရုတ်သံရုံးကို ကိုယ်စားပြု၍ ရွှေစည်းခုံစေတီတော်ဂေါပကအဖွဲ့သို့ နှာခေါင်းစည်း၊ ပိုးသတ်ဆေးရည်၊ အရက်ပြန် စသည့် ကပ်ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ymg/kg

#Yangon_Media_Group