Published 9 January 2022

ကန်ချန်နာဘူရီ-

မြန်မာနိုင်ငံသား၄၂ဦးပါဝင်တဲ့ အုပ်စု(၂)စုကို မောင်းနှင့်ဆိုင်းယောက်ခရိုင်တွေထဲ မြန်မာနိုင်ငံကနေ တရားမဝင် နယ်စပ် ဖြတ်သန်းဝင်ရောက်လာတဲ့အတွက် ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲက ဇန်နဝါရီ ၈ရက် စနေနေ့ကပြောပါတယ်။

ထိုင်းစစ်တပ် ဆာရာဆီအထူးတပ်ဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့ဟာ ဒေသခံတွေရဲ့ သတင်းပေးပို့မှုကြောင့်  မောင်းခရိုင်ရဲ့ တမ်ဘွန် ဘန်ကောင်းကနေ သဘာဝနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာကြတဲ့ အမျိုးသား ၁၇ဦးနှင့် အမျိုးသမီး ၁၃ဦးတို့ကို စနေနေ့မနက်၈နာရီခွဲခန့်မှာ တွေ့ရှိခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်က သတင်းရေးသားပါတယ်။

အခြားပူးပေါင်းအဖွဲ့တစ်ဖွဲ့ကလည်း ဆိုင်းယောက်ခရိုင်က တမ်ဘွန ဘွန်တီမှာ အမျိုးသမီး(၇)ယောက်နှင့် အမျိုးသား(၆)ဦးတို့ကို တွေ့ရှိဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ကနဦးကျန်းမာရေးစစ်ဆေးချက်များအရ သူတို့တတွေမှာ တစ်ဦးတစ်ယောက်မျှ ဖျားနာခြင်းမရှိဘူးလို့သိရပါတယ်။

ကနဦးစစ်ဆေးဖော်ထုတ်ချက်များအရ သူတို့အထဲက ၄၃ဦးဟာ မြန်မာနိုင်ငံ ထားဝယ်၊ရန်ကုန်၊ပဲခူးနှင့် မော်လမြိုင်တို့ကနေ ထိုင်းနိုင်ငံကို လာကြသူတွေဖြစ်ကြပြီး  ဆမွတ်ပရာခန်၊ဆမွန်ဆက်ခွန်၊ကန်ချာနာဘူရီ၊ရက်ချာဘူရီနှင့် ဘန်ကောက်တို့မှာ အလုပ်လုပ်ဖို့ ဝင်ရောက်လာကြသူတွေလို့သိရပါတယ်။ တစ်ဦးကို ဘတ်၁၇၀၀၀ကနေ ၂၂၀၀၀အထိ အလုပ်ပွဲစားကို အလုပ်ရဖို့ပေးခဲ့ကြရတယ်လို့ သူတို့ကပြောပါတယ်။

သူတို့ကို ရဲတပ်ဖွဲ့ထံလွှဲပြောင်းပေးအပ်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်ဆက်လက်ဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှာကာကွယ်ဖို့အတွက် ပြီးခဲ့တဲ့လတွေကစပြီး ထိုင်းက နယ်စပ်ကိုတင်းကြပ်ထားခဲ့ပါတယ်။ ဒါပေမယ့် တရားမဝင်ဖြတ်သန်းလာတာတွေက မကြာခဏဖြစ်နေပြီး အထူးသဖြင့် ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလက တပ်ကအာဏာရယူပြီးနောက်ပိုင်း စီးပွားရေးဆိုးရွားနေတဲ့ မြန်မာနိုင်ငံကဖြစ်တယ်လို့ သတင်းကရေးသားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီကနေ နိုဝင်ဘာအတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်လို့ ဖမ်းဆီးခံခဲ့ရသူပေါင်း အနည်းဆုံး ၆၈၀၀၀ ရှိပါတယ်။အဲဒီထဲက အများစုဟာ မြန်မာနိုင်ငံကဖြစ်ကြပါတယ်လို့ ရွှေ့ပြောင်းလုပ်သားဖွံ့ဖြိုးရေးကွန်ယက်တစ်ခုရဲ့ ကိုယ်စားလှယ် အက်ဒီဆွန်းကာမွန်ခိုလ်က ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံက ခရီးသွားတွေပြန်ဖွင့်လိုက်တဲ့အခါ နိုဝင်ဘာလမှာတော့ တစ်လတည်းနှင့် ၁၀၈၇၀ဦး အထိခုန်တက်ခဲ့ပါတယ်။အဲဒီနောက် ဒီဇင်ဘာလမှာ ၁၂၀၀၀ရှိလာပါတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Source Bangkok Post

-ymg/kk