#Local_News 
Published - 31 Dec 2021

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ပြည်ပချစ်ကြည်ရေးအသင်းက မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်းပေးအပ်သည့် အခမ်းအနားကို ဒီဇင်ဘာလ ၃၀ ရက်နေ့က ဗွီဒီယိုစနစ်ဖြင့်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားသို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး သံမှူးကြီး Ms. Li Xiaoyan ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားဆက်ဆံရေးဌာန ဒုတိယဌာနမှူး Mr. Hao Kun ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ကူမင်းမြို့အခြေစိုက် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်တို့ တက်ရောက်ခဲ့ကြတာပါ။

ယူနန်ပြည်နယ်ပြည်ပချစ်ကြည်ရေးအသင်းက ယခုအကြိမ်တွင် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အောက်ဆီဂျင်စက် ၅၄ လုံး၊ အသက်ရှုစက် ၁၅ လုံး၊ ECG Monitor စက် ၂၁ လုံးနှင့် သွေးတွင်းအောက်ဆီဂျင်တိုင်းစက် အလုံး ၁၀၀ လှူဒါန်းပေးအပ်ခဲ့ရာ စုစုပေါင်းတန်ဖိုး တရုတ်ယွမ်ငွေ ခြောက်သိန်းရှစ်သောင်းရှိပြီး မကြာမီတွင် မြန်မာနိုင်ငံသို့လွှဲပြောင်းပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ Vaccine အကြိမ်ရေ (Doses) သန်း ၄၀ နှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းအများအပြားကူညီထောက်ပံ့ပေးခဲ့ပြီးနှစ်ဦးနှစ်ဖက်က Vaccine အရည်ထုပ်ပိုးသည့်ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဖော်ဆောင်လျက်ရှိတယ်လို့
ဆိုပါတယ်။

လာမည့်ကာလများမှာလည်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနှင့်အတူ လက်တွဲ၍ ကပ်ရောဂါတိုက်ဖျက်ကာ မြန်မာနိုင်ငံအတွက် ကပ်ရောဂါတိုက်ဖျက်ရေးကူညီမှုများ ဆက်လက်ပေးအပ်သွားမှာဖြစ်တယ်လိုလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး။