Published 30 December 2021

မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲအစည်းအားလုံး နယ်စပ်အထိကူးစက်မှုတွေစတင်လာနေတဲ့ ပြည်တွင်း တိုင်းရင်းသားလူမျိုးစု ပဋိပက္ခအတွက် ငြိမ်းချမ်းရေးအဖြေရှာကြဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။

တက်ခ်ခရိုင်ရှိ ထိုင်း-မြန်မာ နယ်စပ်က တိုက်ပွဲငယ်ကလေးတွေဟာ ထိုင်းနိုင်ငံအပေါ် ရိုက်ခတ်မှုရှိပြီး ဒေသခံတွေကိုလည်း အန္တရာယ်ဖြစ်စေတယ်လို့  ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ကြားရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်နှင့်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် တန်နီဆန်ဂရက်က ပြောပါတယ်။

အခြေအနေတွေကို ငြိမ်းချမ်းတဲ့ စေ့စပ်ညှိနှိုင်းမှုဖြင့် စောလျင်သမျှစေလျင်အောင် ကိုင်တွယ်ဖြေရှင်းကြဖို့  ထိုင်းနိုင်ငံက သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးကို တိုက်တွန်းပန်ကြားလိုက်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုအခြေခံအရ မြန်မာဒုက္ခသည်တွေကို အကူအညီပေးဖို့ ထိုင်းအာဏာပိုင်တွေက တက်ခ်ခရိုင်က  ဒေသခံ တွေနှင့် အတူတကွလက်တွဲဆောင်ရွက်နေတယ်လို့လည်း မစ္စတာတန်နီကပြောပါတယ်။

ထို့အပြင် ဘရူးနိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ မြန်မာ့အကျပ်အတည်းအပေါ် ကူညီဖြေရှင်းဖို့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ထိုင်းနိုင်ငံက ထောက်ခံတယ်လို့ သူကပြောပါတယ်။

စစ်အစိုးရကိုဆန့်ကျင်တဲ့ ဒေသခံလူနည်းစုအုပ်စုတွေနှင့် တိုက်ခိုက်နေတဲ့ နယ်စပ်ဒေသကနေ ထွက်ခွာပေးဖို့  ထိုင်းစစ်တပ်က မြန်မာစစ်တပ်နှင့် ညှိနှိုင်းစည်းရုံးဆောင်ရွက်နေတယ်လို့လည်း အရာရှိတွေကပြောပါတယ်။ အထူးတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချူပ် ပရာဆန်ဆေအင်ဆီရီရက်က အဲဒီကိစ္စကို မြန်မာ့အရေးကိစ္စလည်း သတ်မှတ်ထားပါတယ်။

ဒါပေမယ့် မြန်မာ့တပ်မတော်အနေနှင့် သူတို့လက်နက်ကြီးတွေသုံးတဲ့အခါ ထိုင်းနယ်နိမိတ်ထဲ မကျရောက်ဖို့ကိုတော့ သတိပေးထားတယ်လို့ ဗိုလ်ချုပ်ပရာဆန်ကဖြည့်စွက်ပြောကြားပါတယ်။

လွန်ခဲ့တဲ့ ၂၄နာရီမတိုင်ခင် က အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားအပြီး နယ်စပ်အနီး မြဝတီက အခြေအနေဟာ တင်းမာမှုတွေ လျော့ပါးစပြုလာပြီလို့လည်း အရာရှိတွေကပြောကြောင်း ဘန်ကောက်ပို့စ်က သတင်းရေးသားပါတယ်။

Source Bangkok Post