#LocalNews

Published - 30 Dec 2021

 

သရုပ်ဆောင် ရဲတိုက်ကို ၅၀၅(က) အမှုအတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း ရဲတိုက်ရဲ့ ရှေ့နေ၊ ဥပဒေအကြံပေး ဦးခင်မောင်မြင့် က ရန်ကုန်တိုင်းမ်ကို ပြောသည်။

 

ရဲတိုက် ရင်ဆိုင်နေရသော အမှုများမှာ ပုဒ်မ ၅၀၅-က နှင့် မူးယစ်ပုဒ်မ ၁၆ (ဂ) အမှုတို့ ဖြစ်ပြီး ယင်းအနက် ဥပဒေပုဒ်မ ၅၀၅-က အမှုကို လသာမြို့မ ရဲစခန်းမှာ ရင်ဆိုင်ရခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် အင်းစိန်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးမှ အမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

"အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်။ချုပ်ရက်တွေကို ထုတ်နှုတ် ခံစားခွင့်ရမှာ ဖြစ်ပါတယ်၊မူးယစ်နဲ့ ပတ်သက်ပြီးတော့ ဒီဇင်ဘာလ ၂၈ ရက်နေ့က စစ်တယ်။စွဲချက်လျှောက်လဲချက်တင်ထားတာရှိတဲ့အတွက် လာမယ့်ရုံးချိန်းမှာ အဲဒါကိုသိရမှာပါ" ဟုရဲတိုက်ရဲ့ ရှေ့နေ၊ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ရန်ကုန်တိုင်းမ်ကို ပြောသည်။

 

နောက်ထပ် မရမ်းကုန်းမြို့နယ် တရားရုံးတွင် ၎င်းရင်ဆိုင်နေရသော မူးယစ်ပုဒ်မ ၁၆ (ဂ) အမှုအတွက် စွဲချက်လျှောက်လဲချက်တင်ထားသည့်ကိစ္စနှင့်ပတ်သက်၍ လာမည့် ဇန်နဝါရီလ ၅ ရက်တွင် ရမ်းကုန်းမြို့နယ်တရားရုံး၌ ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း သိရသည်။

 

မူးယစ်စေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မ ၁၆ (ဂ) မှာ ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ် အတွင်း ချမှတ်နိုင်သော ပုဒ်မ ဖြစ်သည်။

 

သရုပ်ဆောင် ရဲတိုက်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်က အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် အမှုရင်ဆိုင်နေရင်း အပြင်းဖျား၍ သတိလစ် မေ့မြောသွားခဲ့သည့်အတွက် ထောင်တွင်းဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကာ မြောက်ဥက္ကလာပဆေးရုံ၌ ဆေးစစ်မှုများ ခံယူခဲ့ရသေးသည်။

#Yangon_Media_Group