#LocalNews

Published - 30 Dec 2021

 

ထိုင်းဘက်ခြမ်းတွင် စစ်ရှောင်နေရသည့် လေးကေ့ကော်တိုက်ပွဲရှောင် ၁၀ ဦးကျော်တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့မှ သိရပါတယ်။

 

ကိုဗစ်ပိုးတွေ့ရှိခဲ့သူများကို ထိုင်းအာဏာပိုင်များက ၎င်းတို့အား သီခြားထားရှိပြီး ဆေးကုသမှုပေးနေသည်ဟုသိရကာ မျိုးဗီဇစစ်ဆေးခြင်းမလုပ်ရသေးသည့်အတွက် အိုမိုက်ခရွန် ဟုတ်မဟုတ် မသိရှိရကြောင်းနှင့် ယင်းသို့ ကိုဗစ်ပိုးတွေ့ရှိခြင်းအား ထိုင်းဘက်မှ တရားဝင်မထုတ်ပြန်ထားသေးကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

လက်ရှိ ထိုင်းနိုင်ငံတွင် အိုမိုက်ခရွန်ကူးစက်ခံရသူဦးရေမှာ ၅၀၀ ကျော်ရှိပြီဖြစ်သည့်အတွက် တိုက်ပွဲရှောင်များထဲတွင် ကိုဗစ်ပိုးတွေ့ရှိခြင်းသည် ထိုင်းဘက်ရောက်မှ ကူးစက်ခြင်းဖြစ်နိုင်သကဲ့သို့ မြန်မာဘက်မှာကတည်းက ကူးစက်လာခြင်းလည်း ဖြစ်နိုင်တယ်လို့ ၄င်းက ဆိုပါတယ်။

 

ယခုကိုဗစ်ပိုးတွေ့ရှိသူများမှာ ရောဂါလက္ခဏာမစိုးရိမ်ရကြောင်းနှင့် ထိုင်းသို့ရောက်ရှိနေသည့် လေးကေ့ကော်တိုက်ပွဲရှောင်များသည် ကိုဗစ်ထက် နေရပ်ပြန်နိုင်ရေးကိုသာ အဓိကထားနေကြတယ်လို့လည်း မြန်မာ့စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများက ပြောပါတယ်။

 

ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် လေးကေ့ကော်ဒေသမှ တိုက်ပွဲရှောင်များသည် ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးသူများရှိသကဲ့သို့ ကာကွယ်ဆေးတစ်ကြိမ်သာ ထိုးနှံရသေးသူများလည်းရှိပြီး ကာကွယ်ဆေးမထိုးနှံရသေးသူများလည်းရှိတယ်လို့ သိရပါတယ်။

 

လက်ရှိ ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်အတွင်းမှာ မြန်မာစစ်ဘေးရှောင်လူဦးရေ ၄,၅၀၀ ခန့် ခိုလှုံနေရပြီး အဲ့ဒီထဲကမှ လူဦးရေ ၅၀၀ ကျော်ခန့်က ထိုင်းအစိုးရဘက်သို့ နေရပ်ပြန်ခွင့်တောင်းကာ ၄င်းတို့၏ နေရပ်အသီးသီးသို့ ပြန်သွားကြပြီဖြစ်တယ်လို့လည်း မြန်မာစစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူများထံမှ သိရပါတယ်။

 

ပုံစာ - ထိုင်းနိုင်ငံဘက်တွင် ခိုလှုံနေရသည့် လေးကေ့ကော် တိုက်ပွဲရှောင်ပြည်သူအချို့ကို တွေ့မြင်ရစဥ်။

 

ဓါတ်ပုံ - Ye Min(AAC)

#Yangon_Media_Group