#LocalNews

Published - 30 Dec 2021

 

ပြည်ပမှပြန်လည်ရောက်ရှိလာသေ ာမြန်မာနိုင်ငံသား ၄ ဦးအတွက် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပြီးနောက် အဆိုပါကူးစက်ခံရသူတွေကို သက်ဆိုင်ရာကုသရေးစင်တာတွေမှာ သတ်မှတ်စည်းကမ်းတွေနဲ့အညီ နေထိုင်စေပြီး အခြားသူများကို ကူးစက်နိုင်ခြေမရှိတော့တာကြောင့် သက်ဆိုင်ရာစင်တာတွေကနေ ဆင်းခွင့်ပြုခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံထုတ်ပြန်လိုက်ပါတယ်။

 

အိုမီခရွန်ပိုးတွေ့ရှိလူနာ၄ ဦး အနက် ၂ ဦးကို အသွားအလာကန့်သတ် သီးသန့်ခွဲခြားထားရှိရာနေရာ Quarantine center များတွင် ၈ ရက်စီ ကျန် ၂ ဦးကို ၄ ရက်စီ သတ်မှတ်စည်းကမ်းတွေနဲ့အညီ နေထိုင်စေခဲ့ပြီး ဆက်လက်ကုသရေးစင်တာဖြစ်တဲ့ Treatment center များတွင် ဆက်လက်ကုသမှုပေးခဲ့တာကြောင့် ၂ ဦးကို ၁၈ ရက် ကျန်၂ ဦးကို ၁၄ ရက်ထားရှိကုသပေးခဲ့ပြီး ကျန်းမာရေးကောင်းမွန်တာကြောင့် ဆင်းခွင့်ပြုခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ကျန်းမာရေးကောင်းမွန်နေသလို သူတိုရဲ့မိသားစုဝင်တွေရောဂါဖြစ်ပွားမှု တစ်စုံတစ်ရာမရှိတာကြောင့် အဆိုပါလူနာတွေကနေ အခြားသူတွေကို ဆက်လက်ကူးစက်နိုင်ခြင်းမရှိတော့ဘူးလို့ သိရပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်အရ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသော ဓာတ်ခွဲနမူနာများအား ဒေသတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရည်ညွှန်းဓာတ်ခွဲခန်းများသို့ ပို့ဆောင်၍ Omicron Real Time PCR Testing နည်းဖြင့်လည်းကောင်း၊ Genomic Sequencing Testing ဖြင့်လည်းကောင်း စစ်ဆေးစေခဲ့တယ်လို့သိရပါတယ်။

 

ထိုသို့စစ်ဆေးရာတွင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအနက် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသော ဓာတ်ခွဲနမူနာ(၃၀)ခုအား (၁၄-၁၂-၂၀၂၁)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ စတင်စစ်ဆေးခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ(၂၈-၁၂-၂၀၂၁)ရက်နေ့တွင်ရရှိသော စစ် ဆေးမှုအဖြေအရ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ Relief Flight ဖြင့် ပြန်လည်ဝင်ရောက်လာသူ မြန်မာ နိုင်ငံသား (၄)ဦး၏ ဓာတ်ခွဲနမူနာများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိရပြီး ကျန်ဓာတ်ခွဲနမူနာ(၂၆)ခုတွင် SARS-CoV-2 Variant Delta ရောဂါပိုး တွေ့ရှိရတယ်လို့ သိရပါတယ်။

 

အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲတွေ့ရှိသူ (၄)ဦးအနက် (၁)ဦးသာလျှင် သာမန်ရောဂါလက္ခဏာ တွေ့ရှိရပြီး ကျန်(၃)ဦးသည် ရောဂါလက္ခဏာ မတွေ့ရှိရပဲယင်းပုဂ္ဂိုလ်(၄)ဦးစလုံးအား ကုသရေးစင်တာများတွင် စောင့်ကြပ်ကြည့်ရှု၍ သတ်မှတ်ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်သောကြောင့် ကုသရေးစင်တာမှ ဆင်းခွင့်ပြုခဲ့ပြီး လက်ရှိအချိန်တွင်လည်း အဆိုပါပုဂ္ဂိုလ်(၄)ဦးသည် ကျန်းမာရေးကောင်းမွန်လျက်ရှိတယ်လို့ သိရပါတယ်။

#Yangon_Media_Group